ရန်ကုန်၊ ဇွန် ၂၉
တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့တွင် ဆန်များကို ရည်ညွှန်းဈေးနှုန်းနှင့်အညီ တိုးချဲ့ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇွန် ၂၈ ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်သည်။
“ တိုင်းဒေသကြီးနဲ့ ပြည်အချို့မှာ စျေးဆိုင်တွေ။ ကုန်စုံဆိုင်တွေနဲ့ အခြားသော ဆန်အရောင်းဆိုင်ကြီးတွေမှာလည်း ပြည်သူတွေ အလွယ်တကူ ဆန်ဝယ်ယူရနိုင်ဖို့ တိုးချဲ့ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆန်ဆိုင်တွေမှာလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ရည်ညွှန်းစျေးနှုန်းအတိုင်းပဲ ရောင်းချပေးဖို့ သတ်မှတ်ထားပါတယ်။ တကယ်လို့ သတ်မှတ်စျေးထက် ကျော်လွန်ရောင်းချမှုတွေကို စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားပါမယ်။” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
ရွှေဘိုပေါ်ဆန်းဆန်၊ ဧရာဝတီပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများမှ ဆန်စက်များ၊ ဆန်ဆိုင်များအပြင် ဆန်ပွဲရုံများတွင် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဇူလိုင် ၁ ရက်ကစတင်ပြီး အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်း(၂၄)ပြည် (၄၉)ကီလို တစ်အိတ်လျှင် (၁၅၂,၀၀၀)ကျပ်၊ ဧရာဝတီပေါ်ဆန်း(၂၄)ပြည် တစ်အိတ်လျှင် (၁၃၀,၀၀၀)ကျပ်နှင့် ဧရာဝတီပေါ်ဆန်း (၅)ပြည်ခန့်/(၁၀)ကီလို တစ်အိတ်လျှင် (၂၆,၅၀၀)ကျပ်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လက်အောက်ခံ ဆန်အရောင်းဆိုင်များက နေပြည်တော်တွင် ဆန်ဆိုင် ၇၈ ဆိုင်၊ ရန်ကုန်၌ ၅၈ ဆိုင်နှင့် မန္တလေးရှိ ၁၅၀ ဆိုင်တို့မှ ထူးဧည့်မထ (10 Kg)(၅ ပြည်ခန့်) တစ်အိတ်လျှင် (၁၅၀၀၀) ကျပ်၊ ပေါ်ဆန်း (10 Kg)(၅ ပြည်ခန့်) တစ်အိတ်လျှင် (၂၅၀၀၀)ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
တိုင်းနှင့် ပြည်နယ်အချို့တွင် ရည်ညွှန်းဈေးနှုန်းဖြင့် ဆန်ရောင်းချရန်စီစဥ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်