ရန်ကုန်၊ ဒီဇင်ဘာ ၁၅
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျော်တော်၊ အမ်း၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ စသည့်နေရာများတွင် နစကတပ်နှင့် AA တပ်တို့ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်နေရသည့် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးသည် အိုးအိမ်စွန့်ခွာ၍ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ မြို့အတွင်းသို့ ပြန်လည်ဝင်ခွင့်မရသေးကြောင်း သိရသည်။
“ပုဏ္ဏားကျွန်းမှာဆို အခုထိအဝင်မရသေးဘူး။ ကိုယ့်အိမ်ကိုယ်ပြန်တာတောင် ပေးမဝင်ကြဘူး။ ဘာတစ်ခုမှယူခွင့်မရှိဘူး။ မြို့ထဲမှာလည်း တစ်ယောက်မှမရှိဘူး။ အကုန်လုံးကိုပိတ်ထားတာ။ ကျွန်မတို့ရဲ့အိမ်ဘေးဆို အပေါ်ကနေ လက်နက်ကြီးကျလို့ နွားနှစ်ကောင်ကိုထိတာ အစတောင်ရှာမရဘူး။ တနေ့တနေ့လေ ယာဉ်သံကြားပြီဆို ဘယ်နားနေရမှန်းမသိအောင် ကြောက်နေရတယ်။” ဟု အဆိုပါအမျိုးသမီးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါတိုက်ပွဲများကြောင့် စစ်ရှောင်သွားရန် ခရီးစရိတ်မတက်နိုင်သည့် စစ်ဘေးရှောင်အချို့သည် မြို့အပြင်ဘက်ရှိလမ်းဘေးတွင်တဲထိုးကာ ပါလာသည့်ငွေကြေးနှင့် ချွေတာစားရင်း မလောက်ငလာသဖြင့် လမ်းဘေးတွင် တောင်းရမ်းစားသောက်နေရသူအချို့လည်းရှိနေကြောင်း ၎င်းကဆက်ပြောသည်။
“တိုက်ပွဲဖြစ်တော့ တချို့က သွားလာဖို့ အခက်အခဲတွေရှိကြတယ်။ မြို့ထဲကနေ မြို့ပြင်လောက်ကိုထွက်တယ်။ အိမ်ကပါလာတဲ့ငွေနဲ့ ချွေတာစားကြတယ်။ ရေရှည်ဖြစ်လာတဲ့အခါကျတော့ လမ်းမှာတောင်းစားရတဲ့ အခြေအနေတွေကို ရောက်လာတာ။ ဖြတ်သွားတဲ့သူတွေဆီက ပုံးလေးတွေနဲ့ ထွက်တောင်းနေကြတာတွေလည်းရှိတယ်။ စစ်ပွဲတွေလည်း အမြန်ဆုံးပြီးစေချင်ပါပြီ။ မိသားစုတွေလည်း တကွဲတပြားတွေနဲ့မို့လို့ပါ။” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ တစ်မြို့လုံးနီးပါ စစ်ဘေးရှောင်နေရပြီး ဆက်သွယ်ရေးလိုင်းများလည်း ယနေ့အချိန်ထိပြတ်တောက်နေကြောင်း သိရသည်။
“အခုဆို ပေါက်တောလည်း လူမရှိသလောက်ပဲ မြို့ထဲမှာ။ အဆက်အသွယ်တွေက ဒီနေ့အထိမရဘူး။ စစ်ရှောင်တဲ့သူတွေကလည်း တစ်မြို့လုံးဆိုတော့ အတော်ဒုက္ခရောက်ကြရ တယ်။ ကလေးတွေဆို ကျောင်းတွေက ဘယ်ဆီဘယ်အချိန်တက်ရမှန်းမသိတဲ့ အခြေအနေတွေပါ။” ဟု ပေါက်တောမြို့မှ စစ်ရှောင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်းများသည် ရခိုင်မှ ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့သွားပါက ခရီးစရိတ် တစ်ဦးလျှင်ကားခ တစ်သိန်းမှစကာ ငါးသိန်းနှင် နှစ်ဆယ့်ငါးသိန်းအထိ တောင်းခံလာကြကြောင်း သိရသည်။
ကျောက်တော်မြို့မှ တစ်နှစ်ကြာစစ်ရှောင်လာသည့် မိသားစုအချို့ နေရပ်မပြန်နိုင်သေးပဲ ဇာတိမြေကို အောက်မေ့သတိရနေကြောင်းနှင့် ဇာတိမြေတွင်ဆိုပါက မိသားစုအတွက် နေ့စဉ်ကုန်ကျစရိတ် များသက်သာစွာကြောင်း စစ်ရှောင်မိသားစုဝင်တစ်ဦးက ပြောသည်။
“ကျွန်မတို့စစ်ရှောင်လာတာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကထဲက ပြောင်းလာတာ။ အခုဆို တစ်နှစ်ပြည့်တော့မယ်။ အိမ်ကအဖွားနဲ့ အဒေါ်ကလည်း သူတို့ဇာတိကိုသူတို့ပြန်ချင်နေကြပြီ။ ဒီမှာနေရတာမပျော်ကြဘူး။ ပြန်လို့ရတဲ့နည်းကျတော့လည်း ခရီးစရိတ်တွေထက် လမ်းခရီးကစိတ်မချရပြန်ဘူး။ ဟိုမှာဆို သီးပင်စားပင်ကအစ စျေးချိုတယ်။ ဘယ်လိုပဲစားရစားရ အဆင်ပြေတယ်။ ဆွေမျိုးတွေနဲ့ကလည်း တိုက်ပွဲတွေဖြစ်တော့ မတွေ့ရ။ ဒီမှာနေရတာ စစ်ရှောင်တွေကိုဆို လက်မခံချင်ကြတာတွေလည်းရှိကြတယ်။ အဲ့တော့ ကိုယ်နယ်မှာပဲ ကိုယ်နေချင်တယ်။” ဟု ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ ပျော်ရာမှာမနေ တော်ရာမှာနေဆိုသည့်အတိုင်း ရန်ကုန်မြို့အတွင်း အိမ်ငှါးခများ အဆမတန်တောင်းသည့် အချို့နေများတွင် ငွေကြေးမတက်နိုင်သည့်အတွက် စျေးချို့သည့်နေရာများကိုရွေးချယ်ကာ နေ့စဉ်စားဝတ်နေရေးအတွက် ဖြေးရှင်းရသည့် စစ်ရှောင်များလည်းရှိနေကြောင်း သိရသည်။
ယခုလက်ရှိတွင် တိုက်ပွဲများဖြစ်ပေါ်နေသည့် ဂွမြို့တွင် ဒေသခံကလေးငယ်များအပါအဝင် စစ်ဘေးရှောင် ၇၀၀၀ နီးပါး စစ်ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ နေရာအချို့တွင်လည်း မွေးကင်းစကလေးငယ်အပါအဝင် လသားအရွယ်နှင့် တစ်နှစ်သားအရွယ်ကလေးများ ကာကွယ်ဆေးများမထိုးရသည့်အတွက် ကျန်းမားရေးချို့တဲ့လာပြီး၊ ဆေးဝါးများလုံလောက်မှုမရှိဟု သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့သည့် မောင်တောမြို့အတွင်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံသူများလည်းရှိနေကြောင်း နယ်မြေခံသတင်းများကိုကိုးကားပြီး UN OCHA Myanmar က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှစ၍ သံတွဲမြို့တွင် နစကတပ်နှင့် AA တပ်တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တစ်မြို့လုံးနီးပါး ဒေသခံသောင်းချီကာ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
ပြီခဲ့သည့် နိုဝင်ဘာလမှစ၍ တကျော့ပြန်လက်နက်ကိုင်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် လူဦးရေ ၁၆၆,၀၀၀ ခန့် နေရပ်စွန့်ခွါထွက်ပြေးနေရကြောင်း UN OCHA Myanmar က ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားအရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-စစ်ဘေးရှောင်များကူညီရေးအဖွဲ့ ဂွမြို့နယ်
#ယနေ့ခေတ်
အထူးသတင်း
တိုက်ပွဲများအကြားမှ ရခိုင်စစ်ဘေးရှောင်များပြောသည့် သူတို့အကြောင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်