ရန်ကုန်၊ နိုဝင်ဘာ ၁၄
လွိုင်ကော်မြို့၌ တိုက်ပွဲများပြင်းထန်နေ၍ ရန်ကုန်-လွိုင်ကော် လေကြောင်းခရီးစဥ်အား ယခုနိုဝင်ဘာလကုန်အထိ ရပ်နားထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းမှ သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၃ ရက်၊ ၆ ရက်၊ ၁၀ ရက်နှင့် ၁၃ ရက်များအတွက် ရန်ကုန်-လွိုင်ကော် ခရီးစဥ်များအား မြန်မာအမျိုးသားလေကြောင်း (လွိုင်ကော်) မှ ဖျက်သိမ်းထားကြောင်း၊ အောက်တိုဘာ ၂၁ ရက်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြေညာခဲ့သည်။
ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့က နိုဝင်ဘာလကုန်ထိ ရန်ကုန်-လွိုင်ကော် ခရီးစဥ်များအားလုံး ရပ်နားထားမည်ဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။
“ နိုဝင်ဘာလကုန်အထိ ခရီးစဥ်တွေ ရပ်နားထားတယ်။ ခရီးစဥ်ပြန်စဖို့ ကြေညာပါမယ်။” ဟု အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
ရန်ကုန်-လွိုင်ကော် ခရီးစဥ်များအား သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင် ပုံမှန်ပြေးဆွဲပေးလျက်ရှိသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ယနေ့ချိန်အထိ ပြင်းထန်နေသဖြင့် လေကြောင်းခရီးစဥ်ပါ ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် တိုက်ပွဲအခြေအနေများကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲနှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးများအား အသုံးပြုသွားလာခြင်းမပြုလုပ်ရန် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက သတိပေးချက်ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လေကြောင်းပို့ဆောင်ရေးဦးစီးဌာန
တိုက်ပွဲများပြင်းထန်နေ၍ ရန်ကုန်-လွိုင်ကော် လေကြောင်းခရီးစဥ်အား နိုဝင်ဘာလကုန်ထိ ရပ်နား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်