တိုက်ပွဲများကြောင့် အဓိကပို့ကုန့်ဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ ဆုံးရှုံးမှုပိုများနိုင် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းမြောက်ပိုင်း၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ‌များကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရကြောင်း ကုန်သည်များ၏ ပြောပြ ချက်အရ သိရသည်။

အဆိုပါလမ်းပိုင်း ပိတ်ထားမှုကြောင့် အကျိုးဆက်အနေဖြင့် တိုင်းပြည်၏ ဒုတိယဝင်ငွေအများဆုံးရရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ ဆုံးရှုံးမှု ပိုမိုများပြားလာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ ဒီချိန်က သစ်သီးတွေပေါ်တဲ့ ရာသီချိန်လည်းဖြစ်တယ်။ ဒါတွေက တရုတ်နယ်စပ်လမ်းကြောင်းကနေ အများဆုံးတင်ပို့နေတာ။ အခုကျတော့ ကားတွေက ရောက်တဲ့နေရာကနေ ရပ်ထားရတယ်။ သစ်သီးတွေက ပုပ်ကုန်မှာလေ။ ပြီးတော့ ဆန်တို့ ဆန်ကွဲတို့ အစရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေက ဆုံးရှုံးမှုပိုများနိုင်တယ်။ တောင်သူတွေလည်း နစ်နာမယ်။ ကုန်သည်တွေလည်း နစ်နာမယ်။ ပြီးတော့ အဲဒီလမ်းပိုင်းကနေဖြတ်တဲ့ ကုန်ကားမှန်သမျှကို မီးရှို့မယ်။ ယာဉ်မောင်းတွေကို အန္တရာယ်ပြုမယ်ဆိုပြီး သတင်းတွေကြားတယ်။ တာဝန် ရှိ တဲ့သူတွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးသင့်တယ်လို့ မြင်တယ်။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယနေ့နံနက် ၄ နာရီခန့်မှစ၍ လားရှိုး၊ ကျောက််မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်း ရွှေဟော်အပါအဝင် နေရာအနှံ့အပြား၌ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA)နှင့် ရခိုင့် တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီး တစ်ခုဖြစ်သည့် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှမူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်းနှစ်ခု အား ယနေ့နံနက် ၆ နာရီမှစ၍ အရေးပေါ်ပိတ်လိုက်ပြီး မည်သည့်အကြောင်းပြချက်နှင့်မှ သွားလာခွင့်မပြုဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ပြင် ချင်းရွှေဟော်မြို့တွင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

တိုက်ပွဲများကြောင့် အဓိကပို့ကုန့်ဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ ဆုံးရှုံးမှုပိုများနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.