တိုက်ပွဲများကြောင့် ရပ်ဆိုင်းခဲ့ရသည့် မြဝတီနယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နေပြီ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းခဲ့ရသည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ ယနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက် နေပြီဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သည်များထံမှ သိရသည်။

“ တိုက်ပွဲစဖြစ်တဲ့ ပထမတစ်ရက်ပဲ ယာယီရပ်ထားတယ်။ ဒီနေ့ကတော့ ကားတွေပုံမှန်ပြန်သွားနေပြီး ကုန်သွယ်ရေး ပြန်လုပ်နေပါတယ်။ အခုထိတော့‌ အခြေအနေက အေးနေသေး တယ်။” ဟု မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သည်တစ်ဦးက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်)တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသအများအပြားတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MND AA)၊ တအာန်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့နှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တစ်ဖက်တွင်လည်း ကော့ကရိတ်လမ်းပိုင်း၌ KNU , PDF ပူးပေါင်းအဖွဲ့များနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် ကရင်ပြည်နယ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းခဲ့ရ ခြင်းဖြစ်သည်။

ယနေ့တွင် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် ပြန်ဖွင့်ပြီဖြစ်သော်လည်း မြန်မာ-တရုတ်နယ်စပ်ဂိတ်များ အမြန်ဆုံးပြန်ဖွင့်နိုင်ရန် ကုန်သည်များဘက်မှ မျှော်လင့်နေကြောင်းလည်း သိရသည်။

သတင်း – စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

တိုက်ပွဲများကြောင့် ရပ်ဆိုင်းခဲ့ရသည့် မြဝတီနယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နေပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.