တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမြို့များတွင်တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ ဖာပွန်၊ ကော်ကရိတ်၊ လွိုင်ကော်၊ တောင်ငူ၊ ဖယ်ခုံ၊ ဆီဆိုင်မြို့များအပါအဝင် နိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး ပြီးခဲ့သောဇန်နဝါရီလအတွင်း မရှိမဖြစ်လိုအပ်သော အစားစာဈေးနှုန်းများ မြင့်တက်လာခဲ့ရာ ဆန်ဈေးနှုန်းများ အနည်းဆုံး ၅ ရာခိုင်နှုန်း မြင့်တက်လာနေကြောင်း ဈေးကွက်အခြေနေကို စောင့်ကြည့်လေ့လာနေသည့် The Myanmar Information Management Unit (MIMU) အဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သောဇန်နဝါရီလအတွင်း ဆန်ဈေးနှုန်းက အနည်းဆုံး ၅ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းကြား မြင့်တက်လာခဲ့ကြောင်း၊ သို့သော်လည်း ပဲမျိုးစုံနှင့် စားအုန်းဆီဈေးနှုန်းများက တည် ငြိမ်မှုရှိနေကြောင်း အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ တည်ငြိမ်နေသော်လည်း ကြက်ဥ၊ ဘဲဥဈေးနှုန်းများ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် သားငါးဈေးနှုန်းများသည် ဇန်နဝါရီလအတွင်း တည်ငြိမ်ခြင်း၊ သို့မဟုတ်အနည်းငယ်မြင့်တက်ခြင်းများရှိနေကြောင်း၊ ငါးခြောက်ဈေးနှုန်းက ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနေကြောင်း၊ စောင်များ၊ ခြင်ထောင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ ဈေးနှုန်းကလည်း ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြား မြင့်တက်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အတားဆီး၊ အဟန့်တားများဖြစ်လာခဲ့ရာ ကုန်ဈေးနှုန်းများမြင့်တက်လာစေခဲ့ကြောင်း MIMU အဖွဲ့က ဖော်ပြထားသည်။

ကောင်းထက်ငွေ

ဓာတ်ပုံ- စားသုံးသူရေးရာဌာန

ပုံစာ- တောင်ငူမြို့

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမြို့များတွင်တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.