ရန်ကုန်၊ ဇန်နဝါရီ ၈
မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းခြင်းလိုင်စင်ရရှိပြီးသည့် ကုန်ပစ္စည်းများကို ထိတွေ့တိုက်ပွဲများကြောင့် မြဝတီနယ်စပ်မှ ထိုင်းသို့ ပို့ကုန်တင်ပို့မှု ခွင့်ပြုချက်အား နေရာ ပြောင်းတင်ပို့ခွင့်ပြုထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ ၇ ရက် နေ့စွဲဖြင့် အသိပေးကြေညာထားသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေးဇုန်မှ ဆောင်ရွက်လျက်ရှိသည့် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသော ပစ္စည်းများအား မြန်မာ-ထိုင်းနယ်စပ်ရှိ အခြား မည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
“ အဓိက တိုက်ပွဲတွေဖြစ်နေတာရယ်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် နယ်စက်ဂိတ်ပေါက်ပြောင်းပြီး ပို့ခိုင်းတာပေါ့။ ဒါပေမယ့်လည်း ကုန်ကျစရိတ်က ပိုများသွား မှာပဲ။ အဆင်မပြေဘူး။ အခု မြဝတီလမ်းကြောင်းက သွားတော့သွားနေတယ်။ အရင်လောက် မများတော့ဘူး။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အလားတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မတိုင်မီ မြဝတီကုန်သွယ်ရေးဇုန်မှ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသော ကုန် ပစ္စည်းများအား မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ကွန်တိန်နာဖြင့် သယ်ဆောင်ရသည့် စက်မှုကုန်ကြမ်းပစ္စည်းများကို ကိစ္စရပ်တစ်ခုချင်း အပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ် နေခြင်းဖြစ်သည်။
ယခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် အပြန်အလှန်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ တွေ့ရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၅ ဘီလီယံကျော် ရရှိထားပြီး နှိုင်းယှဉ်ပါက အမေရိကန်ဒေါ် လာ ၃၈၅ ဒသမ ၃၅၃ သန်းပမာဏခန့် လျော့ကျသွားကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
တိုက်ပွဲများကြောင့် ထိုင်းပို့ကုန် ခွင့်ပြုချက်အား နေရာပြောင်းရွှေ့ တင်ပို့ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်