ရန်ကုန်၊ ဇန်နဝါရီ ၆
မြန်မာနိုင်ငံအတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နေရပ်စွန့်ခွာသူ ၃ ဒသမ ၅ သန်းကျော်ရှိခဲ့ကြောင်း UN OCHOR Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်(ကရင်နီ)နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းကျော်ရှိခဲ့ပြီး၊ စားနပ်ရိက္ခာမလုံလောက်မှုများလည်းရှိနေကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ယနေ့အချိန်အထိ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်အချို့ နေရပ်မပြန်နိုင်သည့်သူများလည်းရှိနေကြောင်း ဗန်းမော်မြို့မှ စစ်ရှောင်တစ်ဦး၏ပြောကြားချက်အရ သိရသည်။
“စစ်ကတော့ အခုထိရှောင်နေကြတုန်းပဲ။ စစ်ရှောင်တွေကို ပရဟိတအသင်းတွေကလည်း ကူညီပေးပြီး ခေါ်ထုတ်ပေးတာတွေရှိသလို၊ ခရီးစရိတ်မတက်နိုင်တဲ့သူတွေရှိနေသေးတယ်။ ရာသီဥတုကလည်း အေးတဲ့အချိန်ဆိုတော့ အစစအရာရာ ခက်ခဲမှုတွေရှိနေတာပေါ့နော်။ စစ်ရှောင်ရင်းနဲ့ ငွေပြတ်လို့ စားဖို့သောက်ဖို့ကလည်း ခက်ခဲနေတာတွေလည်းရှိတယ်။” ဟု စစ်ရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် အရပ်သားကာကွယ်စောင့်ရှောက်မှု၊ စားနပ်ရိက္ခာမလုံလောက်မှုနှင့် စီးပွားရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရ သည်။
၂၀၂၅ ခုနှစ်တွင် လူဦးရေ ၅ ဒသမ ၅ သန်းကို လူသားချင်းစာနာမှုဆိုင်ရာ လူမှုဘဝရှင်သန်ရေး အကူအညီများပေးအပ်နိုင်ရန် ရည်မှန်းထားပြီး၊ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလိုအပ်ကြောင်း UN OCHOR Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-သုညသုခပရဟိတအသင်း
#ယနေ့ခေတ်
တိုက်ပွဲများကြောင့် တစ်နှစ်ကျော်အတွင်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၅ သန်းကျော်ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်