တိုက်ပွဲကြောင့် ၃ လနီးပါး ပိတ်ဆို့ထားသည့် ကလေး-တမူးကားလမ်း ပြန်ဖွင့်

ရန်ကုန်၊ စက်တင်ဘာ ၁၃

နှစ်ဖက်တိုက်ပွဲများကြောင့် ၃ လနီးပါး ပိတ်ဆို့ထားသည့် ကလေး-တမူးလမ်းပိုင်းမှာ ယနေ့တွင် ပြန်ဖွင့်သွားသည့်အတွက် မော်တော်ယာဉ်များ သွားလာနေကြပြီဟု ဒေသခံများက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တမူးမြို့မှ ကလေးမြို့သို့ ဆက်သွယ်ထားသည့် အာရှလမ်းပေါ်တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့၏ တိုက်ပွဲကြောင့် ကားလမ်းအား ၃ လနီးပါးကြာ ပိတ်ဆို့ထားရာမှ တိုက်ပွဲအခြေအနေ ပြန်လည်တည်ငြိမ်သွား၍ ယနေ့တွင် လမ်းပြန်ပွင့်သွားခြင်းဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ မနေ့က နေ့လည်က ကုန်ကား ၅ စီး ကလေးကနေ တမူးကို စပြီးဝင်လာတယ်။ ဒီနေ့တော့ အိမ်စီးကားတွေပါ သွားလာနေကြပြီလို့ သိရတယ်။ ရက်ပေါင်း ၈၀ ကျော်လောက် လမ်း ပိတ်နေရာက ဒီနေ့ကစပြီး ကားလမ်းပြန်ပွင့်သွားတဲ့ သဘောပါ။ ညနေပိုင်း ကုန်ကားတွေလည်း ဝင်မယ်ကြားတယ်” ဟု တမူးမြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် တမူးမြို့ရှိ မော်တော်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “ တမူးကနေ ကလေးကိုသွားချင်တဲ့ သူတွေအတွက် ရွှေကဘော်ဂိတ်ကနေ ယာဉ်တွေပြေးဆွဲနေပါပြီ။ ခရီးသည်တစ်ဦးကို သုံးသောင်းကျပ်ပါ။ သုံးဦးထက်ပိုရင်တော့ စျေးလျော့ပေးပါမယ်။” ဟု ပြောကြားသည်။

ဇူလိုင်လအတွင်းက တိုက်ပွဲကြောင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပိတ်ဆို့ထားခဲ့၍ တမူးမှ ကလေးသို့ သွားရောက်လိုပါက တမူးမှ ခမ်းပတ်ရွာသို့ ၄ နာရီကြာ ဆိုင်ကယ် ကယ်ရီ စီးနင်းရပြီး ထိုမှကားဖြင့် ကလေးမြို့သို့ သွားရောက်ခဲ့ရကြောင်း သိရသည်။

တမူး-ခမ်းပတ် ဆိုင်ကယ်ကယ်ရီခမှာ အသွားအပြန် တစ်ခေါက်လျှင် ကျပ် ၃ သိန်းအထိ ကုန်ကျစရိတ်ရှိကာ မြေသားလမ်းပိုင်းဖြစ်၍ မိုးရွာသွန်းထားသည့် အချိန်များတွင် ခက်ခဲစွာ သွားလာခဲ့ရ၍ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ တမူးမှ ကလေးသို့ သွားရောက်ပါက လမ်းခရီးကုန်ကျစရိတ် မြင့်မားခြင်းနှင့် သွားလာရခက်ခဲမှုတို့ကြောင့် တမူးမြို့နှင့် ကလေးမြို့တို့၌ ကုန်စျေးနှုန်း အဆမတန်မြင့်တက်ခဲ့ ကာ စက်သုံးဆီလည်း ဝယ်ယူရ ခက်ခဲမှုများ ကြုံတွေ့ခဲ့ရပြီးနောက် ယနေ့လမ်းပြန်ပွင့်သွားပြီဖြစ်၍ ကုန်စျေးနှုန်းများ ပြန်လည်ကျဆင်းလာစေရန် မျှော်လင့်ကြောင်း ဒေသခံများက ပြောကြားကြသည်။

ပြီးခဲ့သည့် ဇူလိုင်လက စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်ရွာအနီးရှိ ကလေး-တမူး အာရှလမ်းဘေးတွင် နစကတပ်များနှင့် PDF ပူးပေါင်းအဖွဲ့တို့ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ် ပွားပြီးနောက် အဆိုပါနေရာအနီးရှိ ဒေသခံထောင်ချီမှာ ကလေးမြို့၊ တမူးမြို့နှင့် အိန္ဒိယနယ်စပ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲဖြစ်ပွားရာ ကလေး-တမူးလမ်းအား လက်နက်ကိုင်အဖွဲ့များက ရက်ပေါင်း ၈၀ ကျော်ကြာ ပိတ်ဆို့ထားခဲ့ခြင်းဟု သိရသည်။

မောင်ဇော်

ဓာတ်ပုံ – ဒေသခံတစ်ဦး

ပုံစာ- ပြီးခဲ့သည့်ရက်ပိုင်းက တမူးမှ ကလေးသို့ ရှောင်ကွင်းလမ်းများမှ တဆင့် ဒေသခံများ သွားလာနေကြစဉ်။

#ယနေ့ခေတ်

တိုက်ပွဲကြောင့် ၃ လနီးပါး ပိတ်ဆို့ထားသည့် ကလေး-တမူးကားလမ်း ပြန်ဖွင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.