တိုက်ပွဲကြောင့် ရေဦးနှင့် တန့်ဆည်မှ ဒေသခံငါးထောင်ထက်မနည်း စစ်ရှောင်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံငါးထောင်ထက်မနည်း စစ်ရှောင်နေရကြောင်း ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ရွာသာယာရွာအနီးသို့ စစ်ကြောင်းရောက်ရှိလာပြီးနောက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား၍ ဒေသခံထောင်ချီမှာ စစ်ရှောင်ရခြင်းဟု သိရသည်။

“ ရွာသာယာရွာအနီးကို ရောက်လာတဲ့စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့က တိုက်ရင်းနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်တာ။ လေကြောင်းကနေလည်း လာပစ်သေးတယ်။ အဲ့ဒီစစ်ကြောင်း သွားနေတဲ့ လမ်းကြောင်းပေါ်က ကျေးရွာတွေက စစ်ရှောင်နေရတာ။” ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။

စစ်ကြောင်းဖြတ်သန်းကာ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရေဦးနှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ဖန်ခါး၊ ရွာသာယာ၊ ဆပ်သေ၊ ကန်ကြီးကုံး၊ တူမောင်း စသည့်ကျေးရွာများအပါအဝင် ကျေးရွာဆယ်ရွာထက်မနည်းမှ ဒေသခံငါးထောင်ထက်မနည်း စစ်ရှောင်နေရကြောင်း သိရသည်။

ယနေ့နံနက်တွင်လည်း တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေကာ ထပ်မံ၍ စစ်ရှောင်ရသူများလည်းရှိကြောင်း ဒေသတွင်းစစ်ရှောင်များအား ကူညီသူများထံမှ သိရသည်။

တိုက်ပွဲအ​ခြအနေနှင့်ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားရာတွင် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း၊ ရေဦးနှင့် တန့်ဆည်တို့၌ နယ်မြေရှင်းလင်းမှုလုပ်ဆောင်လျက်ရှိကာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း ဆိုသည်။

အလားတူ ယခုလအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူနှင့် ကောလင်းမြို့နယ်တို့၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံသောင်းချီမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ဒေသတွင်းစစ်ရှောင်ကူညီရေးအဖွဲ့

#ယနေ့ခေတ်

တိုက်ပွဲကြောင့် ရေဦးနှင့် တန့်ဆည်မှ ဒေသခံငါးထောင်ထက်မနည်း စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.