ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၌ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၍ မြို့ခံတစ်သောင်းကျော်မှာ တောင်ငူမြို့ပေါ်၌ စစ်ဘေးတိမ်းရှောင်ရကြောင်း တောင်ငူမြို့အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းမှစတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မြို့ခံများမှာ ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် စစ်ရှောင်ကူညီသူများ၏ မော်တော်ယာဉ်များဖြင့် တောင်ငူမြို့ပေါ်သို့လာရောက်၍ စစ်ရှောင်လျက်ရှိကြောင်း သိရသည်။

“ စစ်ရှောင်တွေကို ဦးဇင်းတို့ကားနဲ့ ဦးဇင်းတို့ကိုယ်တိုင် သွားခေါ်လာတာ။ မြေပြင်အထိကို တိုက်ရိုက်ဆင်းပြီး ပစ်နေတဲ့ကြားကနေ သူတို့ကို တောင်ငူကိုခေါ်ဆောင်လာတာပါ။ အစ က လူတစ်ထောင်၊ ထောင့်ငါးရာကနေ အခုဆိုရင် တစ်သောင်းကျော်ပြီ။” ဟု တောင်ငူမြို့၊ ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်းမှ အရှင်စန္ဒော ဘာသ က ယနေ့ခေတ်သို့ မိန့်ကြားသည်။
လက်ရှိတွင် စစ်ရှောင်များမှာ တောင်ငူမြို့ရှိ နဂါးရုံ၊ ရွှေမင်းဝံစသည့် ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်လျက်ရှိကာ ၎င်းတို့စားသောက်ရေးအတွက် အကူအညီများလိုအပ်လျက်ရှိနေကြောင်း သိရသည်။
ဇရပ်ကြီးမြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သတ်၍ နစကမှ သတင်းထုတ်ပြန်ထားရာတွင် ယမန်နေ့ နံနက် ၄ နာရီခန့်က နယ်မြေခံတပ်ရင်းအား KNLA နှင့် PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ကြောင်း၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ရာ နေ့လည်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့က ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းထုတ်ပြန်ထားသည်။
ယနေ့နံနက်အထိလည်း ဇရပ်ကြီးမြို့နှင့်အနီးဝန်းကျင်တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်နေကာ မြို့တွင်းကျန်ရှိနေသော ဒေသခံများလည်း စစ်ရှောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာ ၃ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌ KNLA ပူးပေါင်းအဖွဲ့နှင့် နစကတပ်များအကြား နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံခုနစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ- အရှင်စန္ဒောဘာသ
တိုက်ပွဲကြောင့် ဇရပ်ကြီးမြို့ခံ တစ်သောင်းကျော် တောင်ငူ၌ စစ်ရှောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်