ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ မဟာချိုင်တွင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက်က တားမြစ်ကုန်စည်များ အွန်လိုင်း၌ရောင်းချခဲ့သူ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
“ အွန်လိုင်းမှာ Live ထုတ်လွှင့်ပြီး တားမြစ်ကုန်စည်များရောင်းချခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မစ္စမီလို့ အတိုကောက်ခေါ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသမီးက ခွင့်ပြုချက်မရဘဲ တားမြစ်ကုန်စည်တွေကို ရောင်းဝယ်ဖောက်ကားခြင်းနဲ့ ထိုင်းပြည်တွင်းကိုတင်သွင်းခြင်း အစရှိတဲ့ဥပဒေပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာကြောင့် အဖမ်းခံရတာဖြစ်ပါတယ်။” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား မစ္စမီက သူမ၏လူမှုကွန်ရက် (ဖေ့စ်ဘွတ်)မှ တိုက်ရိုက် Live ထုတ်လွှင့်ခြင်း၊ ပို့စ်တင်ခြင်းတို့အပြင် အခွန်မဆောင်ထားဘဲ တားမြစ်ထားတသည့်ကုန်စည်များကို ရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းအရ စမွတ်စွခွန်ပြည်နယ်၊ မဟာချိုင်ခရိုင်ရှိ မစ္စမီ၏နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ရှာဖွေခဲ့ကြောင်း ဘန်ကောက်ပို့စ်၏သတင်းအရ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား မစ္စမီ၏အိမ်အတွင်း အစားအသောက်ဖြည့်စွက်စာများ၊ ဗီတာမင်ဆေးနှင့် မှုတ်ဆေးများအပါအဝင် ကုန်စည် ၂၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က စိစစ်တွေ့ရှိခဲ့ပြီး၊ အဆိုပါကုန်စည်များသည် ထိုင်းအမှတ်တံဆိပ် (သို့မဟုတ်) အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့ (FDA) ခွင့်ပြုချက်မရှိကြောင်း သိရသည်။
လက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား မစ္စမီ၏အလုပ်ပါမစ်သည် ထိုင်းပြည်တွင်း တရားဝင်အလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး၊ အွန်လိုင်းမှတစ်ဆင့် တားမြစ်ကုန်စည်များကို တရားမဝင်ရောင်းချခဲ့မှုဖြင့် မဟာချိုင်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – ဘန်ကောက်ပို့စ်
တားမြစ်ကုန်စည်များ အွန်လိုင်းတွင်ရောင်းချသူ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်