တဲလ်ရန်၊ ဖေဖော်ဝါရီ ၁၇
ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံသည် ခေတ်မီလက်နက်များကို စမ်းသပ်လျက်ရှိနေရာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်းက တာဝေးပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။
အီရန်သည် စစ်သင်္ဘောအပေါ်မှ တာာဝေးပစ် ပဲ့ထိန်းဒုံးကျည်အသစ်တစ်စင်းကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ အီရန်၏ဒုံးကျည်အစီအစဉ် ပိုမိုဖွံ့ဖြိုးလာနေကြောင်း သိရသည်။
အီရန်စစ်တပ်သည် Shahid Mahdavi အမည်ရှိ စစ်သင်္ဘောအပေါ်မှ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အကွာအဝေးမိုင်ပေါင်း ၁၀၅၀ ရှိပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ဆိုသည်။
အီရန်ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီက “ စစ်သင်္ဘောပေါ်ကနေ တာဝေးပစ်ဒုံးကျည်တစ်စင်း အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်။ အိုမန်ပင်လယ်ကွေ့အတွင်းမှာ ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့တာပါ။” ဟု ပြောသည်။
ထိုအပြင် အစ္စရေးနိုင်ငံတောင်ပိုင်း လေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်သော ပယ်မာချင်ကို ဒုံးကျည်ဖြင့်တိုက်ခိုက်သော ပုံစံတူမျိုး ပစ်ခတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ပယ်မာချင် လေတပ်အခြေစိုက်စခန်းသည် အမေရိကန်နိုင်ငံထုတ် အက်ဖ် ၃၅ အမျိုးအစားတိုက်လေယာဉ်များ အဓိကအခြေစိုက်ထားသော လေတပ်စခန်းဖြစ်ကြောင်း သိရသည်။
အီရန်သည် အစ္စရေးနှင့်ဟားမက်စ်အဖွဲ့ကြား အောက်တိုဘာ ၇ ရက်နေ့တွင် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်လာနေကြောင်း သိရသည်။
အီရန်သည် အစ္စရေးနိုင်ငံကို နိုင်ငံအဖြစ်အသိမှတ်ပြုထားခြင်းမရှိဘဲ နှစ်ပေါင်းများစွာ အငြင်းပွားမှုများ၊ တင်းမာမှုများရှိနေခဲ့ကြောင်း သိရသည်။
အီရန်သည် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများထဲတွင် ဒုံးကျည်အင်အားအတောင့်တင်းဆုံးနိုင်ငံဖြစ်ပြီး အီရန်နိုင်ငံ၏ ဒုံးကျည်အစီစဉ်များကို အနောက်အုပ်စုနိုင်ငံများကြား စိုးရိမ်မှုမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို စစ်သင်္ဘောအပေါ်မှ ပထမဆုံးအကြိမ်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်