ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့က အွန်လိုင်းငွေကြေးလိမ်လည်မှု ပြုလုပ်နေသူ တရုတ်နှင့် ထိုင်းနိုင်ငံသားများအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၀၀ နီးပါးအား ဖမ်းမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ နံ့နက် ၅ နာရီကျော်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ခြံဝင်းတစ်ခုအတွင်း၌ တရားမဝင်အွန်လိုင်းဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်းသတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၅၄၀ ဦး၊ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး စုစုပေါင်း ၆၈၉ ဦးတို့အား မော်တော်ယာဉ်ရှစ်စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီးနှင့် Desktop ကွန်ပျုတာများနှင့်အတူ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ တိုးနယားလမ်းမှာရှိတဲ့ ကျော်သိန်း(ခေါ်) ခွန်မောင်ညိုပိုင်ဆိုင်တဲ့ ခြံဝင်းမှာ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ပါတယ်။ နှစ်ဧကလောက်ကျယ်ဝန်းတဲ့ခြံဝန်းထဲမှာ နှစ်ထပ်ဆောင်သုံးဆောင် ဆောက်လုပ်ဆဲ အလူမီနီယံတွေနဲ့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ကျား ၇၅ ဦး၊ မ ၇၃ ဦး၊ ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုး သား ၁၇၃ ဦး၊ မ ၃၆၇ ဦး၊ စုစုပေါင်း ၅၄၀ ပေါ့။ ထိုင်း၊ တရုတ်၊ မြန်မာ အားလုံးပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။” ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာသို့ ပြောသည်။
ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့ကို လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအား ဆက်လက်အရေးယူမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ယမန်နှစ်၊ အောက်တိုဘာလမှစ၍ ရှမ်းပြည်နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု ပြုလုပ်နေသူများကို ဖမ်းဆီးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
နစက၏ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလမှ ယခုလအထိ အွန်လိုင်းငွေကြေးလိမ်လည်မှုများ လုပ်ဆောင်ရန် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံသားများ စုစုပေါင်း ငါးသောင်းကျော်ကိုဖမ်းဆီးကာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – MOI , CJ
တာချီလိတ်၌ အွန်လိုင်းငွေကြေးလိမ်လည်သူ ၇၀၀ နီးပါးဖမ်းမိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်