ရန်ကုန်၊ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့က ဆိုင်ကယ်,ကယ်ရီမောင်းသူအား ကယ်ရီငှားစီးသူက ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်ခဲ့ကြောင်း ဒဏ်ရာရသူအား ကူညီ ပေးခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။
ယမန်နေ့ နေ့လည် ၁ နာရီကျော်က တာချီလိတ်မြို့၊ စျေးဂိတ်၌ ဆိုင်ကယ်,ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးထံ အမည်မသိအမျိုးသားတစ်ဦး ရောက်ရှိလာကာ ဆိုင်ကယ်ငှားရမ်း စီးနင်းပြီးနောက် မလိပါကော်ရွာထိပ်ရှိ လယ်ကွင်းအနီးအရောက်၌ ဓားဖြင့်ထိုးကာ ဆိုင်ကယ်အားလုယက်ခဲ့ကြောင်း သိရသည်။
“ လုတဲ့သူက ကယ်ရီဂိတ်မှာ ထိုင်စောင့်ပြီး သူနိုင်, နိုင်မဲ့သူကို ရွေးပြီးငှားတာလို့ ကယ်ရီဂိတ်က လူတွေကပြောတယ်။ လုတဲ့ကောင်က အိတ်ထဲက ဓားထုတ်တာမြင်လိုက်တော့ ကယ်ရီမောင်းတဲ့သူက မင်းဘာလုပ်တာလဲ မေးတဲ့အချိန် နောက်ကျောကိုဓားနဲ့ထိုးပြီးပြီ။ နောက်တစ်ချက်က လည်ပင်းကိုလှီးတာ။” ဟု ဒဏ်ရာရသူအား ကူညီပေးခဲ့သည့် ရွှေမယ် ယန်း ပရဟိတလူမှုကူညီရေးအသင်း မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လုယက်သူမှာ ဆိုင်ကယ်အားထား၍ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဖမ်းဆီးသူများကိုပါ ဓားဖြင့်ခုခံ၍ ထွက်ပြေးသွားကြောင်း သိရသည်။
“ လိုက်ဖမ်းတဲ့သူတွေကိုပါ ဓားနဲ့ထပ်ခုခံပြီး ထွက်ပြေးသွားတာ။ ဒီကောင့်ကိုတွေ့တဲ့ လယ်ကွင်းထဲ ရွံ့တွေနဲ့ဆိုတော့ ထပ်လိုက်လို့မရတော့ဘဲ လွတ်သွားတာ။” ဟု ပရဟိတအသင်းမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
အသက် ၃၀ ခန့်အရွယ်ရှိသည့် လုယက်ခံရသူမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – ရွှေမယ်ယန်း ပရဟိတလူမှုကူညီရေး အသင်း
တာချီလိတ်၌ ဆိုင်ကယ်,ကယ်ရီမောင်းသူကို ဓားဖြင့်ထိုးကာ ဆိုင်ကယ်လု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်