တရုတ်အဝယ်ရပ်သဖြင့် ပြည်တွင်းပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးကောင်းမရ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၅

တရုတ်ဘက်က အဝယ်ရပ်သွားသဖြင့် ပြည်တွင်းပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးကောင်းမရတော့ကြောင်း ပြည်တွင်းရှိ ပဲကုန်သည်များထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၂၂ ခုအနက်၊ မြို့နယ် ၉ ခုတို့တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် မန္တလေး-လားရှိုး-မူဆယ် ပြည် ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်သဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

“ပဲဈေးကွက်က ကျန်ခဲ့တဲ့ ၂၇ ရက်ကစပြီး အခုအချိန်အထိ အရောင်းအဝယ်အေးနေတယ်။ တရုတ်ဘက်က မဝယ်တာလဲ ပါတာပေါ့။ ပြည်တွင်းစားသုံးသူဈေးကွက်က အိတ်စ်ပို့ လောက်မရှိတော့ ပဲဈေးတွေ ကျလာတာပေါ့။ တရုတ်ဘက်ကို ပင်လယ်ရေကြောင်းက ပို့ဖို့ဆိုတာ ကုန်ကျစရိတ်များတဲ့အတွက် မဖြစ်နိုင်ဘူး။ အခုတော့ တရုတ်ကိုပို့ဖို့ နယ်စပ်ဂိတ် နှစ်ခုကို ပြန်ဖွင့်ပေးတယ် ကြားတယ်။ ကုန်ကျစရိတ်တော့ ပိုမယ်ထင်တယ်။ ခရီးကဝေးတယ်။ တရုတ်ဘက်က အဝယ်မရှိရင် ဘယ်လိုမှ မပို့နိုင်ဘူး။” ဟု မန္တလေးပဲကုန်စည်ဒိုင်မှ ပဲ ကုန်သည်တစ်ဦးက ပြောသည်။

မြန်မာ့မတ်ပဲနှင့် ပဲတီစိမ်းကို အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံဘက်မှလည်း အဝယ်နည်းသွားသည့်အတွက် ထိုပဲအမျိုးအစားများပါ ဈေးနှုန်များ ကျဆင်းလာကြောင်း သိရသည်။

လက်ရှိ ပဲဈေးကွက်အတွင်း မတ်ပဲတစ်တန်ကို ၂,၈၆၀,၀၀၀ ကျပ်ဖြစ်ပြီး၊ တစ်တန်ကို ၆၇,၀၀၀ ကျပ်ဈေးကျလာခဲ့ပြီး၊ နယ်ပဲဈေးကွက်တွင် မတ်ပဲ တစ်တင်းကို ၉၄,၈၀၀ ကျပ်မှ ၉၂,၅၀၀ ကျပ်သို့ ကျဆင်းသွားသည်။ အိန္ဒယနိုင်ငံဘက်မှ မတ်ပဲလိုအပ်ချက်ရှိနေသဖြင့် လာမည့်မတ်ပဲသစ်ပေါ်ချိန်တွင် မတ်ပဲဈေးနှုန်းအများကြီး ကျဆင်းနိုင်ခြေမရှိဟု ပဲကုန်သည် များက ခန့်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူနေသည့် ပဲစင်းငုံနီသည် အမြင့်ဆုံဈေးတန်း တစ်တန်ကို ၄,၀၇၅,၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃,၉၀၀,၀၀၀ သိန်းကျပ်အထိ ကျဆင်းသွားပြီး ပဲတီစိမ်းမှာလည်း တရုတ်ဘက်ကို နယ်စပ်ဂိတ်များမှ မပို့နိုင်တော့သည့်အပြင် ဥရောပနိုင်ငံများကပါ အဝယ်နည်းသွားသဖြင့် ပဲတီစိမ်း တစ်ပိဿာကို ၁၆၀,၀၀၀ ကျပ်မှ ၁၅၅,၀၀၀ ကျပ်အထိ ဈေးနှုန်းများကျဆင်းသွားကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – ပဲမျိုးစုံထုတ်လုပ်ရောင်းဝယ်ရေး

#ယနေ့ခေတ်

တရုတ်အဝယ်ရပ်သဖြင့် ပြည်တွင်းပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးကောင်းမရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.