ရန်ကုန်၊ မတ် ၁၉
ပြည်တွင်း၌စိုက်ပျိုးထွက်ရှိသည့် သစ်သီးများကို တရုတ်သို့တင်ပို့ရာတွင် Packing စနစ်ဖြင့်သာ တင်ပို့ရမည်ဖြစ်ကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
တရုတ်ပြည်တွင်းသို့ တင်သွင်းလာသောသစ်သီးများကို 1box/truck (ဝမ်းပုံစနစ်)ဖြင့် တင်သွင်းခွင့်မပြုတော့ကြောင်း တရုတ်(တာလော့)အကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဧပြီလမှစတင်၍ သစ်သီးများလုံးချင်း(သို့)တစုချင်းထုတ်ပိုးမှု Packing စနစ်ဖြင့်သာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
“ တရုတ်ကို သစ်သီးကားတွေတော့ သွားနေကြတယ်။ အများကြီးတော့မဟုတ်ဘူးပေါ့။ ကုန်ကျစရိတ်က အရင်ထက်ပိုများလာတာ။ ဟိုရောက်ရင် သစ်သီးတွေက လမ်းခရီးမှာကြာနေတော့ အရည်အသွေးက ညံ့သွားတာ။ ဈေးလည်းသိပ်မရဘူး။ အခုသူတို့ထုတ်ပြန်ထားတဲ့အတိုင်းဆိုရင် ကုန်ကျစရိတ်က ပိုကုန်လာနိုင်တယ်။ အဲဒီလို ထုတ်ပိုးဖို့ဆိုရင် အသီးအ ရည်အသွေးက တော်တော်ကောင်းမှရမှာ။” ဟု သစ်သီးကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုနှစ်တွင် ဖရဲသခွားတင်ပို့မှုမှာ ဆယ်ရာခိုင်နှုန်းခန့်သာရှိပြီး၊ ကျန်အသီးအနှံများမှာ လက်ရှိအချိန်အထိ ပြည်ပတင်ပို့မှုမရှိသေးကြောင်း သိရသည်။
၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ ဖရဲ၊ သခွားနှင့် သစ်သီးဝလံတင်ပို့နေသည့် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ပိတ်သွားသည့်အတွက် မိုင်းလားနယ်စပ်မှတဆင့် တရုတ်နှင့်ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။
အဆိုပါလမ်းပိုင်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ အချိန်ကြာခြင်းတို့ကြောင့် အခက်အခဲများဖြစ်ကာ ကုန်သွယ်မှုမှာ ထင်သလောက်ဖြစ်မလာကြောင်း ကုန်သည်များက ဆိုသည်။
#စုစု
ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ
#ယနေ့ခေတ်
တရုတ်သို့တင်ပို့မည့် သစ်သီးများကို Packing စနစ်ဖြင့်သာလက်ခံမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်