တရုတ်ရုပ်ရှင်ဇာတ်ကား “No More Bets” ကို နိုင်ငံအတွင်းပြသခြင်းမပြုရန် ကမ္ဘောဒီးယားအစိုးရ တားမြစ်ပိတ်ပင်

ဖနွမ်းပင်၊ စက်တင်ဘာ ၂၉

ကမ္ဘောဒီးယားအစိုးရသည် အွန်လိုင်မှတဆင့် လိမ်လည်နေသော ရာဇဝတ် ဂိုဏ်းများ၊ လူကုန်ကူးခံရမှုများအကြောင်း ရိုက်ကူးထားသည့် “No More Bets” ရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်းမပြသရန် တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားသည် မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့အပါအဝင် အာဆီယံဒေသအတွင်းရှိ နိုင်ငံများတွင် လူကုန်ကူးခံရမှုများနှင့် ပတ်သက်ပြီး ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

“ No More Bets” ရုပ်ရှင်ဇာတ်ကားသည် တရုတ်နိုင်ငံတွင် box office စာရင်းတွင် ထိပ်ဆုံးတွင်ရှိနေကြောင်း သိရသည်။

ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန်ကြီးဌာနက အဆိုပါရုပ်ရှင်ဇာတ်ကားသည် ကမ္ဘောဒီးယားနိုင်ငံပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်ဖွယ်ရှိနေကြောင်း ရုပ်ရှင်ဇာတ်ကားကိုမပြသရန် ကမ္ဘော ဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sum Map က “ ကျွန်တော်တို့ အဲဒီရုပ်ရှင်ဇာတ်ကားမပြသဖို့ တရုတ်သံရုံးကို တောင်းဆိုခဲ့တယ်။ သံရုံးကတော့ လုပ် ဆောင်စရာရှိတဲ့အလုပ်တွေ လုပ်နေပါတယ်။ အဲဒီ ရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်းပြသခဲ့မယ်ဆိုရင်လည်း အစိုးရအနေနဲ့လည်း ဒေသခံအာဏာပိုင်တွေကိုမပြသဖို့ ပိတ်ပင်ထား မြစ်ခိုင်းမှာပါ။” ဟုပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားထဲတွင် အဓိကဇာတ်ကောင်သည် မြင့်မားသောလစာနှင့် အလုပ်အကိုင်အခွင့်လမ်းကောင်းများရမည်ဆိုသော အွန်လိုင်းမှတဆင့် မက်လုံးပေး စည်းရုံးခံရ သော တရုတ်စုံတွဲအကြောင်းကိုအခြေခံကာ ရိုက်ကူးထားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိမှု နည်းပါးလာခြင်းအပေါ် အခွင့်ကောင်းယူရန်အတွက် တရုတ်နိုင်ငံသားများ ဦးဆောင်ပါ ဝင်နေသော ဂိုဏ်းများသည် အခြေစိုက်လှုပ်ရှားမှု ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသဖြစ်သည့် Pursat မြို့၊ Kandal မြို့တို့အပြင် Sihanoukville ဆိပ်ကမ်းမြို့များတွင် တရုတ်နိုင်ငံသားများ ဦးဆောင်နေသော အွန်လိုင်းမှတဆင့် လိမ်လည်နေသည့်ဂိုဏ်းများ အခြေပြုလှုပ်ရှားနေကြောင်း သိရသည်။

ကောင်းထက်ငွေ

thediplomat.com

#ယနေ့ခေတ်

တရုတ်ရုပ်ရှင်ဇာတ်ကား “No More Bets” ကို နိုင်ငံအတွင်းပြသခြင်းမပြုရန် ကမ္ဘောဒီးယားအစိုးရ တားမြစ်ပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.