ရန်ကုန်၊ အောက်တိုဘာ ၃၁
ကြက်သွန်နီကို လတ်တလောတွင် တရုတ်ဘက်သို့တင်ပို့မှု ရပ်နားထားကြောင်း ပွဲရုံများ၏ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ပြည်တွင်းကြက်သွန်နီဈေးကွက်အတွင်း ဈေးမြင့်တက်နေကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။
“ တရုတ်ဘက်ကို ဘယ်သူမှ မပို့တော့ဘူး။ လမ်းကြောင်းမကောင်းလို့။ အဓိက မြဝတီနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပဲ တင်ပို့တယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်လာတော့ ဈေးတွေလည်းတက်လာတယ်။ တစ်နေ့ကို အစီးရေ ၈၀ လောက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်ရှိတယ်။” ဟု ရွှေပြည့်အောင် ကြက်သွန်ပွဲရုံမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် တရုတ်ဘက်သို့တင်ပို့သည့်ကုန်ကားများ လမ်းတစ်ဝက်တွင် ရပ်နားထားရပြီး ကုန်စည်စီးဆင်းမှု ရပ်တန့် နေကြောင်းလည်း သိရသည်။
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ အဝယ်လိုက်ခြင်းကြောင့် ယခုတစ်ရက်၊ နှစ်ရက်အတွင်း တစ်ပိဿာ ၇၀၀ ကျပ်အထိ မြင့်တက်လာကြောင်း ပွဲရုံများမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံထွက် ကြက်သွန်နီကို တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေပြီး အဝယ်ရှိနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများ ထံ ကြက်သွန်နီတန်ချိန် တစ်သိန်းကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော်စိုက်ပျိုးပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော်ထွက်ရှိကာ ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သိန်းဝန်းကျင်သာ ရှိကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – အင်တာနက်
တရုတ်ဘက်သို့ ကြက်သွန်တင်ပို့မှု ရပ်နားထားဟု ကုန်သည်များ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်