တရုတ်ဘက်မှ ဖမ်းဝရမ်းထုတ်ထားသူ ဝ အရာရှိနှစ်ဦးအား မြန်မာဘက်မှလည်း ဝရမ်းထုတ်

ရန်ကုန်၊ အောက်တိုဘာ – ၁၉

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အများပြည်သူလုံခြုံရေးဌာနမှ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးပေးသူအား ဆုငွေပေးမည်ဟု ကြေညာခံထားရသည့် ဝ အရာရှိနှစ်ဦးအား မြန်မာဘက်မှလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း ယမန်နေ့ညက နစကမှ နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့်သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ လူကိုသွေးဆောင်ခေါ်ယူမှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန် ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော ချန်ယန်ပန်(ခ) ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ) ဟော်ချွင်ထင်တို့ကို ဥပဒေအရ အရေးယူပေး ရန်အတွက် အောက်တိုဘာ ၁၇ ရက်တွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားသည်ဟု နစက၏ နိုင်ငံပိုင်မီဒီယာမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၆ ရက်က ၎င်းတို့နှစ်ဦးအား ရာထူးမှထုတ်ပယ်ကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)မှ စာထုတ်ပြန်ခဲ့ပြီး အဆိုပါစာတွင် ပါတီ၏ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက လေ့လာပြီးနောက် ဝ ပြည်အစိုးရ၏ ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင်နိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ထုတ်ပယ်ခြင်းဟု ပါဝင်သည်။ ထို့ပြင် ဝ တပ်ဖွဲ့နှင့် ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီမှပါ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးမှာ လက်ရှိအချိန်အထိ တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းမရှိသေးဘဲ ၎င်းတို့နှစ်ဦးမည်သည့်နေရာတွင် ရှိနေကြောင်းကို မသိရှိကြောင်း လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် ပါဝင်သည်ဆိုကာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)၏ အရာရှိနှစ်ဦးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အများပြည်သူလုံခြုံ ရေးဌာနမှ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးပေးသူအား ဆုငွေပေးမည်ဟု ကြေညာထားကြောင်း အောက်တိုဘာ ၁၂ ရက်က တရုတ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦးအနက် တစ်ဦးမှာ ဝ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူးဖြစ်သူ ပေါက်အိုက်ပန်း(ခ) ပေါက်ယန်ပန်(ခ) ချန်ယန်ပန် ဆိုသူဖြစ်ပြီး ၎င်းမှာ ဝ အဖွဲ့၏ခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူဖြစ်ကာ ယခင်က ဝ လက်နက်ကိုင်အဖွဲ့၏ အမှတ် ၄၆၈ တပ်မဟာမှူးတာဝန်အား ထမ်းဆောင်ခဲ့သူဟု သတင်းဖော်ပြချက်အရ သိရသည်။

နောက်တစ်ဦးမှာ ဝ နယ် မိုင်းလင်းခရိုင်မှူး၊ ရှောက်ဟော်(ခ) အိုက်ဟော်(ခ) ဟော်ချွင်ထင် ဆိုသူဖြစ်ပြီး ၎င်းမှာ ဝ အဖွဲ့၏ခေါင်းဆောင် ပေါက်ယူချန်း၏ သမက်ဟောင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

၎င်းတို့နှစ်ဦးမှာ ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ဂိုဏ်းများနှင့် ဆက်စပ်နေသူများ ဖြစ်သည်ဟုဆိုထားပြီး သူတို့နှစ်ဦးအား ဖမ်းဆီးပေးပါက တရုတ်ယွမ် ငွေ တစ်သိန်းမှ ငါးသိန်းအထိ ဆုချီးမြှင့်မည်ဟု တရုတ်ဘက်မှ ကြေညာထားကြောင်း သိရသည်။

ထိုသို့ တရုတ်ဘက်မှကြေညာပြီးနောက် ဝ တပ်ဖွဲ့မှ ၎င်းတို့နှစ်ဦးအား ရာထူးမှထုတ်ပယ်ကြောင်း စာထုတ်ပြန်ခဲ့သကဲ့သို့ မြန်မာအစိုးရဘက်မှလည်း ဒေသတွင်းရှိ ခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားကြောင်း နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့်အသိပေးထုတ်ပြန်ခြင်းလည်းဖြစ်သည်။

မြန်မာ- တရုတ်နယ်စပ်ရှိ ဝ နှင့်ကိုးကန့်ဒေသတို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဒုစရိုက်မျိုးစုံ လုပ်ကိုင်နေသည့် ဂိုဏ်းများကြောင့် ဒုက္ခရောက်ရသူ မြန်မာလူငယ်များစွာရှိနေ ကြောင်း ဒေသတွင်း ရှမ်းအရပ်ဘက် လူမှုအဖွဲ့အစည်းများက သုတေသနပြုလုပ်ချက်များကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားပြီး ထိုရာဇဝတ်ဂိုဏ်းများအား ဒေသတွင်း အာ ဏာပိုင်အဖွဲ့အစည်းများက အကာအကွယ်ပေးထားသည်ဟု ၎င်းတို့သုတေသနပြုလုပ်ထားသည့် ထုတ်ပြန်ချက်များတွင် ပါဝင်သည်။

လက်ရှိ၌ တရုတ်နိုင်ငံတွင် အွန်လိုင်းရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကာ ထိုရာဇဝတ်မှုများမှာ မြန်မာ၊ ထိုင်းအပါအဝင် ၎င်း၏ အိမ်နီးချင်းနိုင်ငံအချို့မှ တစ်ဆင့်လည်း ဖြစ်ပေါ်နေကြောင်း သုံးသပ်မှုများရှိ၍ တရုတ်အစိုးရ တာဝန်ရှိသူများက အိမ်နီးချင်းနိုင်ငံအစိုးရများအား အွန်လိုင်းရာဇဝတ်ဂိုဏ်းများအား နှိမ်နင်းရန် ဖိအားပေးမှုများ ရှိနေကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

ထို့ပြင် ပြီးခဲ့သည့်လများအတွင်းက ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေသည်ဆိုသူ ဝ နှင့် ကိုးကန့်ဒေသများမှ တရုတ်နိုင်ငံသားထောင်ချီကို ဒေသအာဏာပိုင်များက ဖမ်းဆီး၍ တရုတ်နိုင်ငံထံ ပို့ဆောင်ပေးခဲ့ပြီး မြန်မာရဲတပ်ဖွဲ့မှလည်း ဖမ်းဆီးရမိသည်ဟုဆိုသူ အွန်လိုင်းငွေကြေးလိမ်လည်နေသည့် တရုတ်နိုင်ငံသား ၅၀ ထက်မနည်းကို ရန်ကုန်လေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟု ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံး၏ တရားဝင်သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။

မောင်ဇော်

ဓာတ်ပုံ- နိုင်ငံပိုင်မီဒီယာ

#ယနေ့ခေတ်

တရုတ်ဘက်မှ ဖမ်းဝရမ်းထုတ်ထားသူ ဝ အရာရှိနှစ်ဦးအား မြန်မာဘက်မှလည်း ဝရမ်းထုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.