ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉
တရုတ်ပြည်သို့ တစ်ခါသုံးကတ်ဖြင့် သွားရောက်မည့်သူများကို ခေတ္တဆိုင်းငံ့ထားကြောင်း မူဆယ်ဒေသခံ အဖွဲ့အစည်းတစ်ခုမှ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် နယ်စပ်ဂိတ်များ၌ လူအလွန်များပြားနေသဖြင့် တရုတ်ပြည်၌ တစ်ပတ်နေထိုင်ခွင့် တစ်ခါသုံးကတ်နှင့် သွားရောက်သူများကို တရုတ်ပြည်ဘက်မှ ခေတ္တဆိုင်းငံ့ထားပြီး မူဆယ်ခရိုင်အတွင်းနေထိုင်၍ သန်းခေါင်စာရင်းရှိသူများကိုသာ စာအုပ်အနီဖြင့် တစ်နှစ်နေထိုင်ခွင့်ရှိသူများကို ဦးစားပေးသွားခိုင်းနေကြောင်း သိရသည်။
“ ပြောရရင် တရုတ်ဘက်က စက်ရုံ၊ အလုပ်ရုံတွေမှာ လူလိုသလောက်ခေါ်တာပေါ့။ ဥပမာ လူငါးသောင်းလဲဖြစ်မယ်။ တစ်သိန်းလဲဖြစ်မယ်။ သူတို့လိုအပ်တဲ့ အရေအတွက်ရရင် သူတို့နိုင်ငံထဲ ထပ်မဝင်စေချင်လို့ ကန့်သတ်တာပဲ။ ပြီးခဲ့တဲ့ရက်က တရုတ်ပြည်ထဲမှာ မြန်မာအချင်းချင်းရန်ဖြစ်ပြီး လူသတ်မှုဖြစ်တာလဲရှိတယ်။ နောက်တစ်ခုက တစ်ပတ်ကျော်ပြီးနေတဲ့အတွက် ဖမ်းဆီးတာတွေရှိတယ်။ ဒါကြောင့် တစ်ခါသုံးကတ်နဲ့ တရုတ်ကိုသွားတဲ့သူတွေကို ကန့်သတ်လိုက်တာ။” ဟု ဒေသခံလူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တရုတ်ပြည်အတွင်း ဝင်ရောက်ရန် တစ်ပတ်နေထိုင်ခွင့် တစ်ခါသုံးကတ်သည် မည်သည့်မြို့နယ်တွင် နေထိုင်သူမဆို လျှောက်ခွင့်ရှိပြီး၊ တစ်နှစ်နေထိုင်ခွင့်ပေးသည့် စာအုပ်အနီမှာ မူဆယ်ခရိုင်အတွင်း နေထိုင်ပြီး၊ သန်းခေါင်စာရင်းရှိသူများကိုသာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
တစ်ခါသုံးကတ်ဖြင့် တရုတ်ပြည်အတွင်းသို့ ဝင်ရောက်မည့်သူများကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်ကာ ကန့်သတ်ခဲ့ပြီး၊ စာအုပ်အနီဖြင့် တရုတ်ပြည်သို့ သွားရောက်မည့်သူများကိုသာ ဦးစားပေးသွားခွင့်ပြုထား၍ တစ်ခါသုံးကတ်ဖြင့် တရုတ်ပြည်သို့ အမြန်သွားလိုသူများသည် ကတ်ရရန်တန်းမစီချင်ပါက ကျပ်ငွေငါးသိန်းမှ တစ်ဆယ့်ငါးသိန်းအထိ ပွဲစားများကိုပေးပြီး တရုတ်ပြည်သို့သွားနေကြကြောင်း သိရသည်။
အောင်သူရိန်
ဓါတ်ပုံ – CJ
တရုတ်ပြည်သို့ တစ်ခါသုံးကတ်ဖြင့် သွားရောက်မည့်သူများကို ခေတ္တဆိုင်းငံ့ထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်