တရုတ်နှင့် အငြင်းပွားနေချိန် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းပြီး သံတမန်ရေး၊ ကာကွယ်ရေးပိုင်း တိုးမြှင့်မည်ဟု ဖိလစ်ပိုင်အစိုးရ ဆို

မနီလာ၊ ဧပြီ ၁

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ပိုင်နက်နယ်မြေ အငြင်းပွားမှုများရှိနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် သံတမန်ရေးနှင့် ကာကွယ်ရေးပိုင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတစ်ဦးက အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် သံတမန်ရေးလုပ်ငန်းစဉ်အပြင် ကာကွယ်ရေးလုပ်ငန်းများကို မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းပြီး တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များသည် ပြီးခဲ့သောသီတင်းပတ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဝင်တိုက်ခိုက်ခဲ့ရာ အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ အန္တရာယ်ရှိသောတိုက်ခိုက်မှုများ၊ ရန်စမှုများနှင့် တရားမဝင်လုပ်ရပ်များကို တုံ့ပြန်နိုင်မည့်အစီမံများလုပ်ဆောင်မည်ဟု ပြောဆိုခဲ့သည်။

ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်မာလာယာက “ တင်းမာမှုတွေကိုဖြေလျော့ဖို့ သံတမန်ရေးနည်းလမ်းတွေအပြင် ကာကွယ်ရေးနည်းလမ်းတွေကိုလည်း မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်။” ဟု ပြောသည်။

ဖိလစ်ပိုင်သမ္မတက ဖိလစ်ပိုင်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံလုံခြုံရေးနှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုပိုင်း ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး ပြီးခဲ့သောနှစ်များတည်းက ဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်က နိုင်ငံ တကာခုံရုံးတွင် အပြန်အလှန်တရားစွဲဆိုခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၏ တင်ပြလျှောက်ထားချက်ကို ခုံရုံးကအနိုင်ပေးခဲ့သည်။ သို့သော်လည်း တရုတ်အစိုးရသည် ခုံရုံးဆုံးဖြတ်ချက်ကို ငြင်း ဆန်ထားပြီး တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအများစုကို ပိုင်ဆိုင်ထားကြောင်း ပြောဆိုထားသည်။

ကောင်းထက်ငွေ

channelnewsasia.com

တရုတ်နှင့် အငြင်းပွားနေချိန် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းပြီး သံတမန်ရေး၊ ကာကွယ်ရေးပိုင်း တိုးမြှင့်မည်ဟု ဖိလစ်ပိုင်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.