တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်

မနီလာ၊ ဧပြီ ၂၂

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်ပူးပေါင်းပြီး နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်ခန်းကို ဧပြီ ၂၂ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို “ shoulder to shoulder” ဟုအမည်ပေးထားပြီး ထိုင်ဝမ်နှင့်တောင်တရုတ်ပင်လယ်အနီးရှိ ကျွန်းစုများနားတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအများစုကို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုထားရာ အာဆီယံဒေသအတွင်းနိုင်ငံများနှင့် အငြင်းပွားမှုများရှိနေကာတရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများကို ဟန့်တားနှောက်ယှက်ခြင်းများရှိခဲ့ကြောင်း သိရသည်။

အမေရိကန်မရိန်းတပ်ဖွဲ့မှ တပ်မှူးကြီးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဝီလီယံ ဂျူနေးက “ ကျွန်တော်တို့ဟာ ဖိလစ်ပိုင်ပြည်သူတွေကို အားပေးကူညီမယ်ဆိုတာပြသဖို့ လာရောက်ခဲ့တာပါ၊ ဖိလစ်ပိုင်နိုင်ငံကို အကူညီပေးမယ့်အစီအစဉ်တွေ ဘယ်တော့မှရပ်တန့်မှာမဟုတ်ဘူး။ ဖိလစ်ပိုင်နိုင်ငံ ဘေးကင်းလုံခြုံဖို့နဲ့ ခိုင်မာတောင့်တင်းစေဖို့ ကူညီသွားမှာပါ။” ဟု ဆို သည်။

အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် စစ်ရေးမဟာမိတ်စာချုပ် ချုပ်ဆိုထားသောနိုင်ငံများဖြစ်ပြီး ဖာဒီနန်မာကိုစ့် ဂျူနီယာ ဖိလစ်ပိုင်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့်ဖိလစ်ပိုင်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင် ဗိုလ်မှူးကြီး လိုဂီကိုကလည်း “ စစ်သားတွေဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမှာဖြစ်တယ်။ ကြိုတင်ပြင်ဆင်မှုမရှိဘူးဆိုရင် တိုင်းပြည်အတွက် နစ်နာစေတယ်။” ဟုပြောသည်။

ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်များသည် အမေရိကန်ရေတပ်နှင့် ဖိလစ်ပိုင်ရေတပ်ကြား ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းတွင် ပူးပေါင်းပါဝင်မည်ဖြစ်သလို အခြားမ ဟာမိတ်နိုင်ငံများလည်း ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် အမေရိကန်စစ်တပ်ကြားပြုလုပ်သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို ဝေဖန်ပြစ်တင်ခဲ့ပြီး အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

channelnewsasia.com/world

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.