တရုတ်နိုင်ငံ၏ မြေပုံအသစ်ကို အိန္ဒိယ၊မလေးရှားအပါအဝင် နိုင်ငံအချို့ ဒေါသဖြစ်နေ

စင်ကာပူ၊ ဩဂုတ် ၃၁

တရုတ်အစိုးရက ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော နိုင်ငံမြေပုံအသစ်ကို အိန္ဒိယနှင့် မလေးရှားနိုင်ငံအပါအဝင် နိုင်ငံအချို့ စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ သဘာဝအရင်းမြစ်ရေးရာ ဝန်ကြီးဌာနသည် သြဂုတ် ၂၈ ရက်နေ့က တရုတ်နိုင်ငံ၏ မြေပုံအသစ်ဖြစ်သော “ China Standard Map Edition 2023” ကို ထုတ်ပြန်ခဲ့ ရာ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသည့် ပိုင်နက်နယ်မြေများကို ထည့်သွင်းကာ တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါမြေပုံအသစ်ထဲတွင် တောင်ရုတ်ပင်လယ်အတွင်းရှိ နယ်မြေအများစုကို တရုတ်နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် ပိုင်နက်နယ်မြေအငြင်းပွားနေရာ အသစ်ထုတ်ပြန်ခဲ့သော နိုင်ငံမြေပုံထဲတွင် အငြင်းပွားမှုများရှိနေဆဲဖြစ်သော နေရာဒေသများကို ထည့်သွင်းထားကြောင်း သိရသည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ၏ပိုင်နက်မြေပုံအသစ်ထဲတွင် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်၏ ဒေသအများစုကို တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထား ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ကန့်ကွက်ပြောသွားမှာဖြစ်ကြောင်း ပြောသည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ နေရာပိုင်နက်အများစုကို ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုနေခြင်းများကို အသိမှတ်မပြုကြောင်း မလေးရှားအစိုးရက ထပ်မံ ပြောဆိုထားသည်။

ထိုအပြင် အိန္ဒိယအစိုးရက အဆိုပါ တရုတ်နိုင်ငံ၏မြေပုံအသစ်တွင် အိန္ဒိယနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသရှိ အငြင်းပွားနေသည့် နေရာများကို ပိုင်နက်အဖြစ်သတ်မှတ်ထားကြောင်း ပြောသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ပြီးခဲ့သောနှစ်ပိုင်းက နယ်စပ်ဒေသတွင် ပိုင်နက်နယ်မြေ အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် များ ဖြန်ကြတ်ချထားခဲ့ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က “ တရုတ်အစိုးရက သတ်မှတ်ဖော်ပြခဲ့တဲ့ မြေပုံအသစ်ကို လက်မခံနိုင်ဘူး။ ငြင်းဆန်ပယ်ချပါတယ်။ တ ရုတ်အစိုးရဲ့ ဖော်ပြချက်တွေက အခြေအမြစ်မရှိဘူး။ တရုတ်အစိုးရဲ့လုပ်ရပ်တွေက နယ်စပ်ဒေသပိုင်နက်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို အဖြေရဖို့ ခက်ခဲရှုပ်ထွေးစေ တယ်။” ဟုပြောသည်။

တရုတ်နိုင်ငံသည် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခါနီးချိန်တွင် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေများပါဝင်သည့် မြေပုံအသစ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အာဆီယံဒေသအတွင်းရှိ နိုင်ငံအများစုနှင့် ပိုင်နက်နယ်မြေ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိနေရာ အာဆီယံအလှည့်ကျဥက္ကဌက ပိုင်နက်နယ်မြေများ အငြင်းပွား မှုကို ကြားဝင်ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

တရုတ်နိုင်ငံ၏ မြေပုံအသစ်ကို အိန္ဒိယ၊မလေးရှားအပါအဝင် နိုင်ငံအချို့ ဒေါသဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.