ထိုင်ဝမ်၊ ဇွန် ၂၀
ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းကို ၎င်းတို့ပိုင်နက်ဖြစ်လာစေရေး အင်အားသုံးရန်ကြိုးပမ်းနေကြောင်း၊ ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံ၏ဖိအားများကို စိုးရိမ်ကြောက်ရွှံ့နေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံသည် ၎င်းတို့ပိုင်နက်အဖြစ်ကြွေးကြော်ထားသော ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးဖိအား၊ နိုင်ငံရေးဖိအားပေးမှုများ အရှိန်မြင့်လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရကလိုလားမှုမရှိသော လိုင်ချန်တေး သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင်လည်း တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနားတွင် ကြီးမားသောစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ တင်းမာမှုများပိုမိုဖြစ်လာခဲ့သည်။
ထိုင်ဝမ်သမ္မတက “ ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ရေးဟာ တရုတ်အစိုးရရဲ့မူဝါဒဖြစ်တယ်။ ထိုင်ဝမ်ကို ပိုင်နက်အဖြစ် ပြန်လည်သိမ်းယူဖို့ စစ်ရေးဖိအားတွေအပြင် အစဉ်အလာမဟုတ်တဲ့နည်းစနစ်တွေကို တရုတ်အစိုးရကျင့်သုံးနေတယ်။ ဒါပေမယ့် ထိုင်ဝမ်ဟာ ဖိအားတွေကို ဦးညွှတ်မှာမဟုတ်ဘူး။ ထိုင်ဝမ်ပြည်သူတွေဟာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် ကာကွယ်မှာဖြစ်တယ်။ ထိုင်ဝမ်ရဲ့လွှတ်လပ်ခွင့်နဲ့ ဒီမိုကရေစီစံနှုန်းတွေကို ထိန်းသိမ်းနိုင်ဖို့ ကာကွယ်သွားမှာဖြစ်တယ်။” ဟု ပြောသည်။
ထိုင်ဝမ်သည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့်အတွက် တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်လာမည့်အခြေနေကို ရှောင်ရှားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက ပြောသည်။
တရုတ်အစိုးရကတော့ ထိုင်ဝမ်အနေဖြင့် တရုတ်လက်အောက်မှခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူရန် ကြိုးပမ်းမည်ဆိုလျှင် ဖိအားပေးမှုများ ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။
ကောင်းထက်ငွေ
channelnewsasia.com
တရုတ်နိုင်ငံ၏ဖိအားများကို ဦးညွှတ်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်