မနီလာ၊ မတ် ၂၁
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာနေပြီး ဖိလစ်ပိုင်နိုင်ငံ၏ ပိုင်နက်များကို ကာကွယ်နိုင်ရန်ပိုမိုလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့ပြီးနောက် ထိပ်တိုက်တွေ့ဆုံမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတက ဖြစ်ပွားလျက်ရှိသည့် အငြင်းပွားမှုများကို အရှိန်မြင့်တက်မလာစေရန် ကြိုးပမ်းနေကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုအရှိန် ပိုမိုမမြင့်တက်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။
သမ္မတမာကိုစ့်က ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာစေရန် လှုံဆောင်မည်မဟုတ်ကြောင်း၊ ဖိလစ်ပိုင်ပြည်သူများ သာယာဝပြောစေရန်ကို အဓိကထားကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။
အသက် ၆၆ နှစ်အရွယ်ရှိ ဖိလစ်ပိုင်သမ္မတက တရုတ်နိုင်ငံသည် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့အပေါ် ရန်လိုသောလုပ်ရပ်များ ပိုမိုလုပ်ဆောင်လာနေကြောင်း ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဖာဒီနန်မာကိုစ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း တောင်တရုတ်ပင်လယ်အရေးအတွက် တရုတ်နိုင်ငံနှင့် စေ့စပ်ဆွေးနွေးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း တိကျသော သဘောတူညီမှုမျိုးမရဘဲ လက်ရှိအချိန်အထိ အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများကို ဝင်တိုက်ခြင်းများရှိခဲ့ကြောင်းသိရသည်။
တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်ဆက်နွယ်ပြီး နိုင်ငံတကာတရားရုံးအထိရောက်ရှိခဲ့ဖူးပြီး တရားရုံးက ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ကြောင်းသိရသည်။
ကောင်းထက်ငွေ
japantimes.co.jp/news
တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာနေဟု ဖိလစ်ပိုင်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်