တရုတ်နိုင်ငံမှ မြန်မာ့ဖရဲ ဝယ်လိုအား ပြန်လည်မြင့်တက်လာ

ရန်ကုန်၊ ဇန်နဝါရီ ၇

တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာချိန်တွင် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံမှ မြန်မာ့ဖရဲသီးဝယ်လိုအား ပြန်လည်မြင့်တက်နေကြောင်း မြန်မာ-တရုတ်နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

“ ဖရဲသီးဝယ်လိုအားကောင်းပါတယ်။ ဈေးမငြိမ်တာတော့ရှိတယ်” ဟု သစ်သီးပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ တရုတ်ဘက်ခြမ်းမှ ဖရဲဝယ်လိုအားမြင့်တက်လာချိန်တွင် ဖရဲသီးတစ်တန်ကို ယွမ် ၃၀၀၀ မှ ယွမ် ၃၅၀၀ ကြား စျေးရနေကြောင်း သိရသည်။

လတ်တလောတွင် ဒေသအချို့၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ နယ်စပ်ကုန်သွယ်ကုန်သွယ်ရေး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ နယ်မြေမတည်ငြိမ်မှုများကြောင့် တရုတ်စျေးကွက်ထံ ဖရဲ၊ သခွားမွှေးတင်ပို့မှုကို လမ်းကြောင်းပြောင်းကာ မိုင်းလားနှင့် လွယ်ဂျယ်လမ်းကြောင်းမှ တင်ပို့လျှက်ရှိကြောင်း သိရသည်။

ယင်းလမ်းကြောင်းများမှ တင်ပို့ရာတွင် လမ်းကြောင်းဝေးလွန်း၍ လတ်ဆတ်မှုရှိပြီး ခံနိုင်ရည်ရှိသည့် သစ်သီးများကိုသာ ရွေးချယ်တင်ပို့ရကြောင်း သိရသည်။

“ မိုင်းလားက တင်ပို့တဲ့အခါ လမ်းကြောင်းဝေးလွန်းပြီး ကုန်ကျစရိတ်များသလို အချိန်လည်းကြာတော့ အသီးတွေအပုပ်နာတာတွေရှိတယ်” ဟု သစ်သီးပွဲရုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံသို့ အရောက် သစ်သီးတင်ပို့ရာတွင် ကားခအပါအဝင် အခြားကုန်ကျစရိတ် စုစုပေါင်းကျပ်သိန်း ၁၂၀ ခန့်ရှိကာ လမ်းခရီးတွင် ပို့ဆောင်အချိန်ကြာမြင့်၍ ကုန်ကျစရိတ် မြင့်တက်လျက် ရှိကြောင်း သိရသည်။

“ လွယ်ဂျယ်ကနေလည်း တင်ပို့နေတာ။ ကုန်ကျစရိတ်က သိပ်မကွာဘူး။ သူလည်း လမ်းခရီးဝေးတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

တရုတ်နိုင်ငံမှ မြန်မာ့ဖရဲ ဝယ်လိုအား ပြန်လည်မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.