မနီလာ၊ ဇွန် ၂၅
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး မတူကွဲပြားမှုများကို စားပွဲဝိုင်းအပေါ်တွင် ငြိမ်းချမ်းစွာဖြေရှင်းလိုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အင်နရစ် မာနာလိုက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဝင်တိုက်ခြင်း၊ နှောက်ယှက်ခြင်း၊ တားဆီးခြင်းများရှိခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ဇူလိုင်လအတွင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုင်ပင်ဆွေးနွေးရေးအဖွဲ့စည်းတစ်ရပ် ဖွဲ့စည်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် ပြီးခဲ့သောသီတင်းပတ်အတွင်း a working group အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက “ ကျွန်တော်တို့ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးအစီမံတွေကို လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဲဒီလိုမျိုးလုပ်ဆောင်တာဟာ ဖိလစ်ပိုင် နိုင်ငံရဲ့အချုပ်အခြာ၊ အာဏာပိုင်ဆိုင်နက်တွေနဲ့ အနောက်ဘက် ဖိလစ်ပိုင်ကမ်းခြေစီရင်ခွင့်တွေကို ထိခိုက်ခံမှာတော့မဟုတ်ဘူး။” ဟု ပြောသည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုထားရာ အာဆီယံဒေသအတွင်းနိုင်ငံများဖြစ်သော ဘရူးနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီ ယက်နမ်နိုင်ငံတို့အပြင် ထိုင်ဝမ်နှင့်လည်း အငြင်းပွားမှုတွေဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်က နိုင်ငံတကာခုံရုံးတွင် တရားရင်ဆိုင်ခဲ့ပြီး ခုံရုံးက ဖိလစ်ပိုင်အစိုးရ၏တင်ပြချက်များကို အတည်ပြုလက်ခံခဲ့ကာ တရုတ်နိုင်ငံ၏လုပ်ရပ်များကို ကျူးကျော်မှုအဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း တရုတ်အစိုးရသည် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို ငြင်းဆန်ပယ်ချထားပြီး ၎င်းတို့သတ်မှတ်ထားသောမြေပုံအတိုင်း တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုပြီး တိုးချဲ့မှုများဆက်လက်လုပ်ဆောင်နေရာ ဖိလစ်ပိုင်နိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံလာခဲ့ကြောင်း သိရသည်။
တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံကြား အငြင်းပွားမှုများ၊ ထိပ်တိုက်တွေ့ဆုံမှုများသည် ဖိလစ်ပိုင်သမ္မတအသစ် ဖာဒီနန်မာကိုစ့်ဂျူနီယာလက်ထက်တွင် ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
gmanetwork.com/news
တရုတ်နိုင်ငံနှင့်ဖြစ်ပွားနေသည့် အငြင်းပွားမှုများကို စားပွဲဝိုင်းတွင်ဆွေးနွေးနိုင်ရန် အပြင်းထန်ကြိုးပမ်းနေဟု ဖိလစ်ပိုင်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်