တရုတ်နိုင်ငံက တိုက်ခိုက်လာမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမည်ဟု အမေရိကန်သမ္မတ ဆို

ဝါရှင်တန်၊ အောက်တိုဘာ ၂၆

တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံကို တိုက်ခိုက်ခဲ့မည်ဆိုလျှင် အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်နယ်မြေ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် ထိပ်တိုက်တွေ့ဆုံမှုများ ထပ်မံဖြစ်လာခဲ့ ကြောင်း သိရသည်။

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်စစ်သင်္ဘောများနှင့် ဖိလစ်ပိုင်စစ်သင်္ဘောတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်သမ္မတက ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမည့်အကြောင်း ကတိပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန်က “ ကျွန်တော် ရှင်းရှင်းလင်းလင်းသိစေလိုတယ်။ ဖိလစ်ပိုင်နိုင်ငံကို ကာကာကွယ်ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ကတိတွေဟာ သံထည်လိုမျိုး ခိုင်မာမှုရှိပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား ချုပ်ဆိုထားတဲ့ ကာကွယ်ရေးစာချုပ် သဘောတူညီချက်ဟာ သံထည်လိုမျိုး ခိုင်မာမှုရှိပါတယ်။” ဟု ပြောသည်။

အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၁၉၅၁ ခုနှစ်က ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားပြီး ယင်းစာချုပ်ထဲတွင် တစ်နိုင်ငံတိုက်ခိုက်ခံရလျှင် အခြားတစ်နိုင်ငံက ကာကွယ်ပေးရမည် ဆိုသော အချက်ပါဝင်နေကြောင်း သိရသည်။

အမေရိကန်သမ္မတက “ ဖိလစ်ပိုင်စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်ခံရမယ်ဆိုရင် ကျွန်တော်တို့ဟာ ဖိလစ်ပိုင်နဲ့ ချုပ်ဆိုထားတဲ့ ကာကွယ် ရေးစာချုပ်အရ ပါဝင်ပတ်သက်ရမယ်။” ဟု ပြောသည်။

တရုတ်အစိုးရက ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံကြားဖြစ်ပွားနေသည့် ပြဿနာများထဲတွင် အမေရိကန်နိုင်ငံပါဝင်ရန် အခွင့်ရေးမရှိကြောင်း ပြောဆိုထားသည်။

အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမည်ဆိုလျှင် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ၏ အချုပ်အခြာနှင့် အကျိုးစီးပွားကို မထိခိုက်ရန်လိုအပ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုသည်ဟု သိရသည်။

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် အာဆီယံဒေသအတွင်းရှိ နိုင်ငံပေါင်း ၅ နိုင်ငံနှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com

#ယနေ့ခေတ်

တရုတ်နိုင်ငံက တိုက်ခိုက်လာမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမည်ဟု အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.