မနီလာ၊ မတ် ၂၉
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး အခက်ခဲဖြစ်လာစေရန် သို့မဟုတ် တိုက်ပွဲများဖြစ်လာစေရန် ကြိုးပမ်းမည်မဟုတ်ကြောင်း သို့သော်လည်း တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေခြင်း၊ ခယအောက်ကျို့ခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက် သည်။
ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားအငြင်းပွားမှုအရှိန် မြင့်တက်လာခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာခဲ့ကြောင်း သိရ သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများသည် နှစ်နိုင်ငံကြားအငြင်းပွားနေသည့်တောင်တရုတ်ပင်လယ်အတွင်းတွင် ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်း၊ ဝင်တိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက “ မကြာသေးမီက တရုတ်အစိုးရရဲ့ထုတ်ပြန်ချက်တွေဟာ ကမ္ဘာကြီးမှာအထီးကျန်နိုင်ငံဖြစ်နေတာကို ပြသလိုက်တာပါ။ တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရားဝင်စေ့စပ်ဆွေးနွေးတာ၊ ပွင့်လင်းမြင်သာအောင်လုပ်ဆောင်တာ၊ မလုပ်ဆောင်နိုင်ဘူးဆိုတာပြနေတယ်။ အခြားနိုင်ငံငယ်တွေအပေါ်အနိုင်ကျင့်ဖို့ ကြိုးပမ်းနေတာ ပေါ်လွင်နေတယ်။” ဟု ပြောသည်။
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောများကို တရုတ်စစ်သင်္ဘောများက ဟန့်တားနှောက်ယှက်ခဲ့ပြီးနောက် အပြန်အလှန်ဝေန်ပြစ်တင်ခဲ့ရာ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာကလည်း ၎င်းတို့နိုင်ငံအနေဖြင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ တရားမဝင်လုပ်ရပ်များ၊ အန္တရာယ်ရှိသောတိုက်ခိုက်မှုများနှင့် ရန်စမှုများကို တုံ့ပြန်သွားတော့မည်ဖြစ်ကြောင်း မကြာသေးမီကပြောဆိုခဲ့သည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် ၎င်းတို့နိုင်ငံပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားရာအာဆီယံဒေသအတွင်းနိုင်ငံများနှင့် အငြင်းပွားနေသည်။
ကောင်းထက်ငွေ
channelnewsasia.com
တရုတ်နိုင်ငံကို ခယအောက်ကျို့နေမည်မဟုတ်ကြောင်း ဖိလစ်ပိုင်စစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်