တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဟန့်တားနှောက်ယှက်မှုများ ထပ်မံပြုလုပ်

မနီလာ၊ မေ ၂

တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံကြား တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တင်းမာမှုများဖြစ်ပွားနေချိန်တွင် တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့် စစ်သင်္ဘောများကို နှောက်ယှက်ဟန့်တားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရက တရုတ်ကမ်းခြေစောင့်သင်္ဘောများသည် တောင်တရုတ်ပင်လယ်တွင် ၎င်းတို့စစ်သင်္ဘောနှစ်စီးကို မီးသတ်ပိုက်များဖြင့်ထိုးကာ နှောက်ယှက်ခဲ့ကြောင်း ဝေဖန်ထားသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများက တောင်တရုတ်ပင်လယ်အတွင်းရှိ ၎င်းတို့ပိုင်နက်နားတွင် ကင်းလှည့်ချိန်အတွင်း ဧပြီ ၂၉ ရက်နေ့က တရုတ်စစ်သင်္ဘောများ၏ နှောက်ယှက်ခြင်းခံခဲ့ရကြောင်း သိရသည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး မကြာခဏ ထိပ်တိုက်တွေ့ဆုံနေပြီး အပြန်အလှန်ဝေဖန်ပြစ်တင်ထားကြောင်း သိရသည်။

အဆိုပါ ဟန့်တားနှောက်ယှက်မှုသည် ဖိလစ်ပိုင်နိုင်ငံပိုင်နက်ဖြစ်သော Scarborough Shoal ကျွန်းနားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်အစိုးရက “ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေတဲ့ကျွန်းနားမှာ တရုတ်စစ်သင်္ဘောတွေဟာ အင်အားသုံးတာမျိုးတွေရှိလာခဲ့တယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေကို တားဆီးတာတွေ၊ နှောက်ယှက်တာတွေလုပ်ခဲ့တယ်။” ဟု ပြောသည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအများစုကို ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားပြီး အခြားအာဆီယံဒေသတွင်းနိုင်ငံများနှင့် ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်း သိရသည်။

ဖိလစ်ပိုင်သည် တရုတ်နိုင်ငံနှင့်အငြင်းပွားနေသည့်အတွက် ဂျပန်၊ အမေရိကန်၊ သြစတြေးလျနိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရ သည်။

ကောင်းထက်ငွေ

trtworld.com/asia

တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဟန့်တားနှောက်ယှက်မှုများ ထပ်မံပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.