တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် သိမ်းပိုက်ဖွယ်ရှိနေဟု အမေရိကန်ဗိုလ်ချုပ်ခန့်မှန်း

ပင်တဂွန်၊ မတ် ၂၃

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း သိမ်းယူနိုင်ရန် အဆင့်သင့်ရှိနေမည်ဖြစ်ကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံသည် လာမည့် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို မြေပြင်စစ်ဆင်ရေးလုပ်ငန်းများ အပြီးသတ်လုပ်ဆောင်နိုင်ရန် အရှိန်မြင့်လုပ်ဆောင်နေကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ဂျွန် အကွာလင်နိုက ပြောသည်။

တရုတ်အစိုးရက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ကြောင်းပြောထားပြီး ထိုင်ဝမ်က တရုတ်နိုင်ငံလက်အောက်မှ ခွဲထွက်ရန်လိုလားနေကြောင်း သိရသည်။

ထိုင်ဝမ်အစိုးရသည် ကိုယ်ပိုင်လွှတ်လပ်သောနိုင်ငံအဖြစ် ကြေညာမည်ဆိုလျှင် တရုတ်နိုင်ငံက စစ်ရေးနည်းလမ်း အသုံးပြုလာဖွယ်ရှိနေကြောင်း သိရသည်။

အမေရိကန် ရေတပ်ဗိုလ်ချုပ်က “ တရုတ်သမ္မတဟာ ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်မှာ သိမ်းပိုက်နိုင်အောင် အဆင့်သင့်လုပ်ထားဖို့ တရုတ်စစ်တပ်ကို ညွှန်ကြားထားတယ်။ တရုတ်စစ်တပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင့် ညွှန်ကြားထားတဲ့အတိုင်း ဖြစ်အောင်လုပ်ဆောင်နေတယ်။” ဟု ပြောသည်။

စီအိုင်အေညွှန်ကြားရေးမှူးချုပ် ဝီလီယံဘရမ်းစ်ကလည်း တရုတ်သမ္မတ၏ ညွှန်ကြားချက်နှင့်ပတ်သက်ပြီး ထင်မြင့်ချက်မျိုးစုံပြောဆိုခဲ့ဖူးသည်။ အမေရိကန်စစ်တပ် တာဝန်ရှိသူများက တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် တိုက်ခိုက်ဖွယ်ရှိနေသလို၊ ၂၀၃၅ ခုနှစ်နောက်ဆုံးထားပြီး တိုက်ခိုက်ဖွယ်ရှိနေသည်ဟု ပြောသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများ၊ တင်းမာမှုများသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

သို့သော်လည်း တရုတ်သမ္မတက ၎င်းတို့အနေဖြင့် ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်မည်ဆိုသောအချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ငြင်းဆန်ခဲ့ဖူးကြောင်း သိရသည်။

တရုတ်သမ္မတက ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လိုအပ်မည်ဆိုလျှင် အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်း ပြောထားဖူးသည်။

ကောင်းထက်ငွေ

news.online.ua/en

တရုတ်က ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် သိမ်းပိုက်ဖွယ်ရှိနေဟု အမေရိကန်ဗိုလ်ချုပ်ခန့်မှန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.