ရန်ကုန်၊ ဧပြီ ၁၁
တရုတ်အစိုးရသည် မြန်မာနိုင်ငံအတွက် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ ထပ်မံပံ့ပိုးရန် ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီကို ထပ်မံပံ့ပိုးပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က ပြောသည်။
အဆိုပါငွေဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီးလိုအပ်သောပစ္စည်းများပါဝင်ပြီး ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ့စေလွှတ်၍ ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး မြန်မာနိုင်ငံတွင် ဘေးဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
အလားတူ ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲ့များစေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်း နှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့များသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အသက်ရှင်သူ ၉ ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ကာ သေဆုံးသူ ၅၉ ဦး၏ သက်မဲ့ခန္ဓာများကို ရှာဖွေတွေ့ရှိခဲ့သည်။
#စုစု
ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး
#ယနေ့ခေတ်
တရုတ်က ငလျင်ဘေးအတွက် ယွမ်ငွေ ၁ ဘီလီယံ ထပ်မံပံ့ပိုးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်