ဘေဂျင်း၊ ဧပြီ ၂၈
ရုရှားကိုစစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းနှင့်ဆက်နွယ်ပြီး တရုတ်နိုင်ငံကို ပိုမိုပိတ်ဆို့မှုများချမှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ် ဖော်ပြောဆိုလိုက်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအသုံးပြုနေသော စစ်လက်နက်ပစ္စည်းများထဲတွင် တရုတ်နိုင်ငံထုတ်စစ်လက်နက်ပစ္စည်းများ ပါဝင်နေသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီးနောက် ပိတ်ဆို့မှုများချမှတ်ရန် စီစဉ်လာခြင်းဖြစ်သည်။
အမေရိကန်အစိုးရသည် တရုတ်ကုမ္မဏီအဖွဲ့စည်းပေါင်း ၁၀၀ ကျော်ကို ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်သွားရန် အစီအစဉ်ရှိနေကြောင်း သိရသည်။
အမေရိကန်အခြေစိုက် Wall Street Journal က တရုတ်နိုင်ငံသည် ရုရှားနှင့်စီးပွားရေးဆောင်ရွက်မှုများ မရပ်တန့်ဘူးဆိုလျှင် အမေရိကန်အစိုးရသည် တရုတ်ဘဏ်များကို ကမ္ဘာဘဏ္ဍာရေးစနစ်နှင့် ဖြတ်တောက်သွားရန် ဥပဒေမူကြမ်းရေးဆွဲနေသည်ဟု မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်အစိုးရက တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ပြီး ရုရှားကာကွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် ကူညီပေးနေကြောင်း ပြောသည်။
တရုတ်အစိုးရက အမေရိကန်နိုင်ငံသည် ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျီနှင့်ချီ ကူညီထောက်ပံ့ပေးပြီး စစ်ပွဲအချိန်ကြာရန် လုပ်နေကြောင်း စွပ်စွဲထားသလို ရုရှားနှင့်တရုတ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်ရေးကိုလည်း ကြောင်းကျိုးဆီလျော်မှုမရှိဘဲ ထိခိုက်နစ်နာစေရန်လုပ်ဆောင်နေသည်ဟု ဝေဖန်ထားသည်။
တရုတ်နှင့် အမေရိကန်နိုင်ငံကြား ဆက်ဆံရေးသည် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့နှင့်ပတ်သက်ပြီး တင်းမာမှုများ၊ အငြင်းပွားမှုများပိုမိုဖြစ်လာနေကြောင်း သိရ သည်။
ကောင်းထက်ငွေ
reuters.com
တရုတ်ကုမ္မဏီ ၁၀၀ကျော်ကို ပိတ်ဆို့မှုများချမှတ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်