တရားမဝင် နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၁၅ ဦးကို အရေးယူ

ရန်ကုန် ၊ ဇန်နဝါရီ ၁၅

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တရားမဝင် နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၁၅ ဦးကို အရေးယူထားကြောင်း ဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများ လဲလှယ်ရောင်းဝယ်ရေးလုပ်ကိုင်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား စစ်ဆေးလျက်ရှိသည့်အပြင် လိုင်စင်မရှိဘဲ အရောင်းအဝယ်ပြုလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့်အရေးယူထားပြီး၊ ၆ ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ ပြောရရင်ဒေါ်လာဈေးက ငြိမ်နေတာ။ အတတ်အကျမရှိဘူး။ ၄၅၀၀ ပတ်ချာလည်နဲ့သွားနေတာပေါ့။ ဈေးက နည်းနည်းလေးအတက်ပြရင် ဖမ်းပြတော့တာသူတို့က။ Money Changer ရှေ့မှာ ပေါ်တင်ရောင်းဝယ်နေကြတာပဲ။” ဟု နိုင်ငံခြားငွေကြေး အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် တရားမဝင် နိုင်ငံခြားငွေကြေးများဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် Facebook Group များ၊ Facebook Page များ ၊ လူပုဂ္ဂိုလ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်လျက်ရှိသလို၊ ဗဟိုဘဏ်မှထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#စုစု

#ယနေ့ခေတ်

တရားမဝင် နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၁၅ ဦးကို အရေးယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.