တပ်မှူးတစ်ဦးသေဆုံးခဲ့ခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဟစ်ဘိုလာအုပ်စုက အစ္စရေးပိုင်နက်အတွင်းကို ရော့ကဒ်အစင်းပေါင်း ၂၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

တဲလ်အဗစ်၊ ဇူလိုင် ၄

အစ္စရေးနှင့် ဟစ်ဘိုလာအုပ်စုကြား တင်းမာမှုများရှိနေချိန်တွင် ဟစ်ဘိုလာအုပ်စုသည် အစ္စရေးနိုင်ငံဘက်ခြမ်းသို့ ရော့ကဒ်ဒုံးကျည်အစင်းပေါင်း ၂၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုက အစ္စရေး၏တိုက်ခိုက်မှုကြောင့် ၎င်းတို့တပ်မှူးတစ်ဦး ကျဆုံးခဲ့မှုအပေါ် လက်တုံ့ပြန်မှုအဖြစ် အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဟစ်ဘိုလာအုပ်စုသည် ပြီးခဲ့သောသီတင်းပတ်များအတွင်း အစ္စရေးနှင့် လက်ဘနွန်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

အစ္စရေးစစ်တပ်ကလည်း ၎င်းတို့ပိုင်နက်အတွင်း လက်ဘနွန်နိုင်ငံဘက်ခြမ်းမှ ရော့ကဒ်ဒုံးကျည်အများအပြားဖြင့် တိုက်ခိုက်ခဲ့ခြင်းများရှိခဲ့သော်လည်း အများစုကိုကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ပြောသည်။

ဟစ်ဘိုလာအုပ်စုက ၎င်းတို့သည် အစ္စရေးနိုင်ငံကထိန်းချုပ်ထားသော ဂိုလန်ကုန်းမြင့်ကို ရော့ကဒ်ဒုံးကျည်အစင်းပေါင်း ၂၀၀ အပြင် အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒရုန်းအစင်းပေါင်း ၂၀ ကျော်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောဆိုထားသလို၊ အစ္စရေးကလည်း ဟစ်ဘိုလာအုပ်စုပစ်ခတ်ခဲ့သော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပြောသည်။

အစ္စရေးသည် ၎င်းတို့နိုင်ငံဘက်ခြမ်းကို လက်ဘနွန်နိုင်ငံဘက်ခြမ်းမှ တိုက်ခိုက်မှုများကို လက်တုံ့ပြန်မှုအဖြစ် လက်ဘနွန်နိုင်ငံတောင်ဘက်ပိုင်းရှိ ဟစ်ဘိုလာစစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းက လက်ဘနွန်နိုင်ငံ၊ ဟူလာအရပ်ဒေသနှင့် ရမ်ယက်အရပ်ဒေသများရှိ ဟစ်ဘိုလာအုပ်စု၏ စစ်ရေးအခြေခံအဆောက်အဦးများကို ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အနည်းဆုံးတစ်ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူက ဟစ်ဘိုလာတပ်မှူးဖြစ်ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားသည်။

ကောင်းထက်ငွေ

apnews.com

တပ်မှူးတစ်ဦးသေဆုံးခဲ့ခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဟစ်ဘိုလာအုပ်စုက အစ္စရေးပိုင်နက်အတွင်းကို ရော့ကဒ်အစင်းပေါင်း ၂၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.