တပ်နှင့် ဝန်ထမ်းအချို့ လားရှိုးမြို့သို့ ဝင်ရောက်နေပြီ ဟုဆို

ရန်ကုန်၊ ဧပြီ ၁၉

လားရှိုးမြို့သို့ တပ်နှင့် ဝန်ထမ်းအချို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း ‌ဒေသခံများ၏ပြောပြချက်အရ သိရသည်။

၎င်းတို့သည် ဧပြီ ၁၆ ရက်မှစတင်ကာ ဝင်ရောက်လာခြင်းဖြစ်ပြီး၊ ဧပြီ ၁၈ ရက်တွင် MNDAA နှင့် နစကတပ်တို့ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“ မနေ့ကတော့ သူတို့တွေတွေ့ကြတယ်။ အုပ်ချုပ်မှုအပိုင်းကို ဆွေးနွေးကြတယ်လို့ ပြောတယ်။ MNDAA ဘက်ကလည်း အုပ်ချုပ်မယ်။ သူတို့ကတော့ မြို့ပြင်ကနေအုပ်ချုပ်မယ်။ တချို့လမ်းတွေတော့ သူတို့ပြန်ဝင်လာလို့ ပိတ်ထားတာရှိတယ်။ ရှေ့ဆက်ဘယ်လိုလာမလဲမသိပါဘူး” ဟု လားရှိုးမြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ကိုးကန့်တပ်(MNDAA)အနေဖြင့် လားရှိုးမြို့ပြင်များဖြစ်သည့် မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ်နှင့် မိုင်းရယ်-ဟိုယ၊ နမ့်ပေါင်ဘက်တွင် ပုံမှန်အတိုင်း စခန်းထိုင်မည်ဖြစ်ကြောင်း သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ထားခြင်းဖြစ်သည်။ ယခုအခါ တရုတ်၏ကြားဝင်စေ့စပ်ပေးမှုကြောင့် တပ်ဘက်သို့လားရှိုးမြို့ကိုပြန်ပေးခဲ့ပြီး အုပ်ချုပ်ရေးအပိုင်းတွင် MNDAA အနေဖြင့် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ကိုးကန့်တပ်(MNDAA)မှ တယဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် လားရှိုးမြို့ထဲသို့ပြန်ဝင်လာသည့် တပ်နှင့် ဝန်ထမ်းများကို “ ဝ” တပ်က ကိုးကန့်တပ်နှင့်ပူးတွဲပြီး ဟိုယဂိတ်တွင် ရှေ့ပြေးလုံခြုံရေးယူပေးနေသည်ဟု ဒေသခံများကပြောဆိုထားသော်လည်း “ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ငြင်းဆိုထားသလို ယနေ့ခေတ်မှ ကိုးကန့်တပ်(MNDAA)ဘက်သို့ မေးမြန်းထားသည်ကို ပြန် လည်ဖြေကြားခြင်းမပြုခဲ့ပေ။

#စုစု

ဓာတ်ပုံ – Tax SamSon (ဧပြီ ၁၈ ရက်နေ့တွင်တွေ့ရသည့် လားရှိုးမြို့)

#ယနေ့ခေတ်

တပ်နှင့် ဝန်ထမ်းအချို့ လားရှိုးမြို့သို့ ဝင်ရောက်နေပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.