ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်နေ၍ ရက်ပိုင်းအတွင်း ဒေသခံသောင်းချီ၍ စစ်ရှောင်နေကြရကြောင်း ဒေသတွင်းစစ်ရှောင်များအား ကူညီသူများထံမှ သိရသည်။
တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာနှင့် အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ ကျေးရွာဆယ်ရွာထက်မနည်းမှ ဒေသခံသောင်းချီမှာ ယနေ့အထိ စစ်ရှောင်နေရကြောင်း သိရသည်။
“ ၂၁ ရက်နေ့က ကံထူးမရွာမှာ တိုက်ပွဲစဖြစ်တာကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေလို့ ရွာတွေမှာ ဘယ်သူမှမနေရဲဘူး။ ရွာပေါင်း ဆယ်ရွာကျော်လောက်က လူသောင်းချီပြီး ထွက် ပြေးနေရတယ်။” ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် တန့်ဆည်မြို့နယ်အနောက်ဘက်ခြမ်းရှိ ကံထူးမ၊ အိုင်လျားရှည်၊ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ ကြက်ဆူကန်၊ မရမ်းမိ၊ လယ်တီး၊ လယ်မ၊ ထန်းတောစု၊ သရက်ကုန်း၊ ကြောင်ဆင်းအိုင်၊ အင်ပင်အိုင်၊ ရွာသစ်၊ ကိုးတောင်ဘို့၊ သာယာကုန်း၊ ဝါးရငယ် စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ဆယ်ရွာထက်မနည်းမှ ဒေသခံသောင်းချီမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ကံထူးမရဲစခန်းအား ဒေသတွင်းလက်နက်ကိုင် PDF များ ဝင်ရောက်တိုက်ခိုက်ရာမှ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်နေခြင်းဟု ဒေသခံများက ဆိုသည်။
လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောကြားရာတွင် တန့်ဆည်မြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကာ ယမန်နေ့ နံနက်ပိုင်းက တန့်ဆည်မြို့ နယ်၊ ကံထူးမကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ သေနတ်နှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ဒရုန်းတစ်စီးနှင့် မြေသယ်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌လည်း ယခုရက်ပိုင်းအတွင်း အပြန်အလှန် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် နယ်မြေရှင်းလင်းသည်ဆိုသော စစ်ကြောင်းများ သွားလာနေမှုကြောင့် ဒေသခံသောင်းချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
တန့်ဆည်၌ တိုက်ပွဲပြင်းထန်နေကာ ဒေသခံသောင်းချီ၍ စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်