တန့်ဆည်၌ ကျေးရွာအချို့ မီးရှို့ခံရပြီး ဒေသခံသုံးသောင်းကျော် ဆက်လက်စစ်ရှောင်ရ

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကျေးရွာအချို့ မီးရှို့ခံရပြီး ဒေသခံသုံးသောင်းကျော် ဆက်လက်စစ်ရှောင်နေရကြောင်း ဒေသတွင်းစစ်ရှောင်များအား ကူညီနေသူတစ်ဦးက ပြောကြားသည်။

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာနှင့်အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရက်ပိုင်းအတွင်း ကျေးရွာခြောက်ရွာ မီးရှို့ခံရပြီး၊ ဒေသခံသုံးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ ၂၁ ရက်နေ့ကနေ ၂၉ ရက်အတွင်း ကံထူးမ၊ သပြေရင်း၊ ဖိုနှုတ်၊ ကော်တက်၊ ခနောရွာသစ်နဲ့ ရွာသစ်ကုန်း စတဲ့ရွာတွေ မီးရှို့ခံရပါတယ်။ ဒီနေ့အထိ နေရပ်ပြန်လို့မရသေးလို့ အပျက်အစီးစာရင်းတော့ မသိရဘူး။ ကံထူးမရွာနဲ့နီးတဲ့ ကျေးရွာနှစ်ဆယ်လောက်က ဒေသခံသုံးသောင်းကျော်လည်း ဒီနေ့အထိ တောထဲမှာထွက်ပြေးနေရတယ်။” ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကံထူးမ၊ အိုင်လျားရှည်၊ ကျောင်းကုန်း၊ ဆပ်ပြာအိုင်၊ ကြက်ဆူကန်၊ မရမ်းမိ၊ လယ်တီး၊ လယ်မ၊ ထန်းတောစု၊ သရက်ကုန်း၊ ကြောင်ဆင်းအိုင်၊ အင်ပင်အိုင်၊ ရွာသစ်၊ ကိုးတောင်ဘို့၊ သာယာကုန်း၊ ဝါးရငယ် စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်းနှစ်ဆယ်ထက်မနည်းမှ ဒေသခံသုံးသောင်းကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အဝတ်အထည် လိုအပ်ချက်များရှိနေပြီး ကူညီပေးပါရန် ဒေသတွင်းစစ်ရှောင်ကူညီသူများက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ကံထူးမရဲစခန်းအား ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာမှ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြားရာတွင် ယခုရက်ပိုင်းအတွင်း တန့်ဆည်မြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်တို့၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိပြီး ထိတွေ့တိုက် ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိကြောင်း ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌လည်း ယခုရက်ပိုင်းအတွင်း အပြန်အလှန်တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် နယ်မြေရှင်းလင်းသည်ဆိုသော စစ်ကြောင်းများသွားလာနေမှုကြောင့် ဒေသခံသောင်းချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ- တန့်ဆည်မြို့နယ်အတွင်းမှ စစ်ရှောင်များကို ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ရစဉ်။

ယနေ့ခေတ်

တန့်ဆည်၌ ကျေးရွာအချို့ မီးရှို့ခံရပြီး ဒေသခံသုံးသောင်းကျော် ဆက်လက်စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.