ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ဘေးရှောင်နေရသည့်ဒေသခံများ အကူအညီများအရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
လတ်တလော နစကတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် တန့်ဆည်မြို့နယ်နှင့်အနီးဝန်းကျင်တွင် တိမ်းရှောင်နေရသည့် ဒေသခံစစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။
“အခု စစ်ဘေးရှောင်တွေက လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တန့်ဆည်မြို့အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းရှိကျေးရွာများက ဒေသခံတွေပါ။ အဆင်ပြေသလို တောတွေ၊ တောင်တွေထဲမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ။ ဒီတော့ အလုအယက်ပြေးလာရလို့ ဘာမှမပါလာတဲ့အတွက် အကူအညီလိုအပ်နေတာ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
အဆိုပါစစ်ဘေးရှောင်များထဲတွင် ရာသီဖျားနာဖြစ်ပွားနေသူများလည်းရှိကြောင်း လတ်လောအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ အမိုးအကာနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ – JK
#ယနေ့ခေတ်
တန့်ဆည်မြို့နယ်ရှိ ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်