တနင်္သာရီမြို့နယ်၌ တိုက်ပွဲကြောင့် ဒေသခံခုနစ်ထောင်ကျော် စစ်ရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံခုနစ်ထောင်ကျော် စစ်ရှောင်နေရကာ၊ အကူအညီများလိုအပ်နေကြောင်း ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီသူများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် တနင်္သာရီမြို့နယ်၌ ယမန်နှစ်၊ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများမကြာခဏဖြစ်ပွားရာမှ ယခုလတွင်း ခပ်စိပ်စိပ်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောကြားသည်။

တိုက်ပွဲများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာထက်မနည်းမှ ဒေသခံခုနစ်ထောင်ကျော်မှာ လက်ရှိအချိန်အထိ စစ်ရှောင်နေရဆဲဖြစ်ကာ အကူအညီများလည်း လို အပ်နေကြောင်း သိရသည်။

“ အဓိကလိုအပ်နေတာက စားဝတ်နေရေးအတွက် ဆန်လိုအပ်နေတာပါ။ တိုက်ပွဲတွေဖြစ်နေတော့ စစ်ရှောင်တွေက နေတိုင်းတိုးလာနေတယ်။ အခုဆို ရွာကိုးရွာလောက်က စစ် ရှောင်နေရတဲ့အပြင်၊ ဒီရက်ပိုင်းဆို စစ်ရှောင်ရတဲ့ရွာတွေ ထပ်တိုးလာတယ်။ အဝတ်အထည်နဲ့ အမိုးအကာလိုအပ်ချက်တွေလည်း ရှိနေသေးတယ်။” ဟု ဒေသတွင်း စစ်ဘေးရှောင် များကို ကူညီသူများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ မော်တုန်း၊ ဘန်းလမွတ်၊ တမုတ်ချုန်း၊ လယ်သစ်၊ ရမ်းဖို စသည့်ကျေးရွာများအပါအဝင် ကျေးရွာကိုးရွာထက်မနည်းမှ ဒေသခံခုနစ်ထောင်ကျော်မှာ ဘေး လွတ်ရာနေရာများတွင် စစ်ရှောင်လျက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၁၅ ရက်က တနင်္သာရီမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုအား ဒေသတွင်းလက်နက်ကိုင်အဖွဲ့က စတင်တိုက်ခိုက်ရာမှ ယခုရက်ပိုင်းအထိ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားကာ စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်အပြင် ထားဝယ်၊ ဘုတ်ပြင်း၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့၌လည်း ယခုလအတွင်း တိုက်ပွဲအချို့ ဖြစ်ပွားနေကာ ဒေသခံထောင်ချီ၍ စစ်ရှောင်လျက်ရှိနေကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းမှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာမှုကြောင့် လူဦးရေ ၆၂၈,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နိုင်ငံတစ်ဝန်းတွင် စစ်ဘေး ရှောင်ဦးရေ ၂ ဒသမ ၆ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ၏ ယခုရက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့

#ယနေ့ခေတ်

တနင်္သာရီမြို့နယ်၌ တိုက်ပွဲကြောင့် ဒေသခံခုနစ်ထောင်ကျော် စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.