တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်လက ဒေသခံသုံးသောင်းခွဲကျော် စစ်ရှောင်ရ

ရန်ကုန်၊ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဩဂုတ်လတစ်လအတွင်း ဒေသခံ သုံးသောင်းခွဲကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ထိုလတစ်လအတွင်း စစ်ရှောင်ဦးရေမှာ ယခင်လများကထက် ငါးထောင်ခန့် ပိုများလာကြောင်း ဒေသတွင်း စစ်ရှောင်များအား ကူညီပေးနေသည့် ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်ထား သည်။

ဩဂုတ်လအတွင်း ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ရှိ ဝကုန်းကျေးရွာသို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ထိုကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများဖြစ်သည့် ရမ္မဇူ၊ ဘဝပင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ လိပ်ပြောင်ကြယ် စသည့်ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

လက်ရှိ၌ ထိုဒေသတွင် စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွား၍ နေရပ်ပြန်သူများရှိပြီဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ရေဖြူမြို့နယ်၊ နဘုလယ် ရေနက်ဆိပ်ကမ်း ဒေသတစ်ဝိုက်သို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ ၈၀၀၀ ခန့်မှာ အိုးအိမ်များစွန့်ခွာ ထွက်ပြေးခဲ့ရပြီး အချို့မှာ နေရပ်များသို့ ပြန်သွားကြပြီဖြစ်သော်လည်း လက်ရှိ၌ ထိုဒေသတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ၃၀၀၀ ကျော်ကျန်ရှိနေသေးကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လအတွင်းက သရက်ချောင်းမြို့နယ်၌ နှစ်ဖက်တိုက်ပွဲကြောင့် ကျေးရွာကိုးရွာမှ ဒေသခံထောင်ချီကာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဇွန်လအတွင်းကလည်း စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံ နှစ်ထောင်ကျော်မှာလည်း လက်ရှိအချိန်အထိ စစ်ရှောင်နေရကြောင်း သိရသည်။

ထို့အပြင် လောင်းလုံမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၆၅၀၀ ခန့်ရှိနေကာ ပုလောမြို့နယ်၌ အမြဲတမ်းစစ်ရှောင်ပြည်သူ ၂၆၀၀ ကျော် ရှိနေဆဲဖြစ်ပြီး ဩဂုတ်လအတွင်း တိုက်ပွဲများ ကြောင့် စစ်ရှောင်ပြည်သူ တစ်သောင်းခန့်အထိ ဆက်လက်ရှိနေကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်၌ ဩဂုတ်လအတွင်းက ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ ၃၇၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေးပဲ စစ်ရှောင်နေရကာ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာတွင်လည်း တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်သို့ ယာယီထွက် ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

“ ဒေသတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် အဝတ်အထည်၊ စားနပ်ရိက္ခာ နဲ့ အမိုးအကာ လိုအပ်ချက်တွေက အမြဲလိုလိုရှိနေပါတယ်။ ဒီအရေအတွက်က လက်လှမ်းမီသ လောက် ကောက်ခံထားတဲ့ စာရင်းဖြစ်ပြီး တိုက်ပွဲပေါ် မူတည် ပြီး အရေအတွက် အပြောင်းအလဲလည်းရှိနိုင်တယ်။” ဟု ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ် ဦးက ပြောကြားသည်။

ဩဂုတ်လ တစ်လအတွင်း တနင်္သာရီတိုင်း၌ စစ်ဘေးရှောင်ပြည်သူ ၃၅,၀၀၀ ခန့်ရှိခဲ့ကာ ထိုစစ်ရှောင်များအနက် နယ်မြေအခြေအနေပေါ် မူတည်၍ နေရပ်ပြန်သွားကြသူများ လည်းရှိပြီး ဩဂုတ်လကုန်အထိ စာရင်းများအရ စစ်ရှောင်ပြည်သူ ၂၆,၀၀၀ ဦးခန့်မှာ ဘေးလွတ်ရာတွင် ဆက်လက်ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ယခင်က တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိသော တနင်္သာရီတိုင်းအတွင်း၌ လွန်ခဲ့သော နှစ်,နှစ်ကျော်ကာလမှစ၍ နစကတပ်များနှင့် ဒေသတွင်း ဝင်ရောက်အခြေစိုက်သည့် လက်နက် ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ရာချီကာဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်ရှိ၌ လူဦးရေသောင်းချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

မောင်ဇော်

ဓာတ်ပုံ – ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

#ယနေ့ခေတ်

ပုံစာ- တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်ပြည်သူများကို ယခုနှစ်အတွင်းတွေ့ရစဉ်

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်လက ဒေသခံသုံးသောင်းခွဲကျော် စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.