မြိတ်၊ စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြီးခဲ့သည့်တစ်လအတွင်း ကျေးရွာမျာပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာများရရှိခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
သြဂုတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာများတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျည်စထိမှန်ကာ သေဆုံးသူ ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ နီးပါးထိရှိခဲ့ကြောင်း တနင်္သာရီတိုင်း အခြေပြုဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ မြေပြင်မှာ အခုထက်လည်း ပိုများနိုင်တယ်။ တိုက်ပွဲမရှိလည်း လက်နက်ကြီးကျည်တွေ ကျတာရှိခဲ့တယ်။ အခုနောက်ပိုင်းဆို လူတွေအများစုနေထိုင်တဲ့ ရွာတွေထဲအထိ လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေရှိလာတယ်။ ဘယ်အဖွဲ့တွေက လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတယ်ဆိုတာ တိတိကျကျပြောရဖို့ ခက်တယ်။ တစ်လအတွင်းဆို လူအယောက် ၂၀ ကျော်လောက်ကို သေဆုံးခဲ့ရတာ။” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
ပြီးခဲ့သည့် တစ်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသည့်အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး လူနေအိမ်များလည်း အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ လက်နက်ကြီးကျည် ကျတဲ့အချိန် ယာထဲရောက်နေလို့ လူတွေဘာမှမဖြစ်တာ။ အိမ်ကတော့ တော်တော်လေးပျက်စီးခဲ့တာ။ ကိုယ့်ဒေသမှာ အရင်က ဒါမျိုးတွေမဖြစ်ဖူးပါဘူး။ အခုတော့ တစ်ရက်လေးမှ စိတ်ချမ်းချမ်းသာသာ မနေရဘူး။ လူနေထူထပ်တဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်မှာ၊ အခုလို လက်နက်ကြီးကျည် ကျတာတွေ ဖြစ်မှာကြောက်တယ်။” ဟု အထက်ပါဒေသခံတစ်ဦးက ဆက်ပြောသည်။
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများသည် ရေဖြူ၊ ကလိန် အောင်၊ ရေး၊ ထားဝယ်၊ ဘုတ်ပြင်း၊ ပုလော၊ တနင်္သာရီ၊ မြိတ်၊ လောင်းလုံ စသည့်မြို့နယ်များတွင် အ များဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝဏ္ဏ
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ရပြီး ၃၀ နီးပါးဒဏ်ရာများရရှိခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်