တတိယကမ္ဘာစစ်ဖြစ်လာရန် အမေရိကန်သမ္မတ လိုလားခြင်းမရှိဟု အမေရိကန်အစိုးရတာဝန်ရှိသူ ဆို

ဝါရှင်တန်၊ ဇွန် ၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံနှင့် ကမ္ဘာစစ်ဖြစ်လာစေရန် လိုလားမှုမရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတသည် ယူကရိန်းနိုင်ငံအား ၎င်းတို့ကူညီထောက်ပံ့ပေးထားသော လက်နက်များအသုံးပြုပြီး ရုရှားနိုင်ငံပိုင်နက်များအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ရန် ခွင့်ပြုလိုက်ပြီးနောက် ဂျွန်ကာဘိုင်က ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသည် အမေရိကန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများကူညီထောက်ပံ့ပေးထားသောလက်နက်များ အသုံးပြုခွင့်ကန့်သတ်ထားခြင်းကို ဖြေလျော့ပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

ရုရှားသည် ပြီးခဲ့သောလက ခါကောဗ့်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးနောက် ယူကရိန်းအစိုးရက ယင်းကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဂျွန်ကာဘိုင်က “ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲစတင်ချိန်နောက်ပိုင်းတည်းက တင်းမာမှုအရှိန်မြင့်တက်လာမှာကို စိုးရိမ်နေခဲ့တယ်။ အမေရိကန်သမ္မတဟာ တတိယကမ္ဘာစစ်ဖြစ်လာဖို့ တာဝန်ရှိသူတစ်ဦးဖြစ်လာမှာကိုလည်း မလိုလားဘူး၊ အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ စစ်ရေးပဋိပက္ခတွေဖြစ်လာမှာကို မလိုလားဘူး။” ဟု ပြောသည်။

ယူကရိန်းကို အမေရိကန်ကူညီထားသော လက်နက်များအသုံးပြုပြီး ရုရှားပိုင်နက်အတွင်း တိုက်ခိုက်ရန်ခွင့်ပြုလိုက်ခြင်းသည် တန်ပြန်ထိုးစစ်ဆင်အတွက် ရည်ရွယ်ခြင်းမျိုးသာဖြစ်ကြောင်း၊ ယူကရိန်းကို ရုရှားစစ်တပ်၏ စစ်အခြေစိုက်စခန်းများ၊ အမြှောက်စခန်းများနှင့် အခြားစစ်ဘက်ဆိုင်ရာနေရာများကို တိုက်ခိုက်ရန်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

ရုရှားက အနောက်အုပ်စုနိုင်ငံများအနေဖြင့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးသော်လည်း ရုရှားတပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုများကို တားဆီးနိုင်မည်မဟုတ်ကြောင်း ပြောသည်။

ကောင်းထက်ငွေ

malaysiasun.com/news

တတိယကမ္ဘာစစ်ဖြစ်လာရန် အမေရိကန်သမ္မတ လိုလားခြင်းမရှိဟု အမေရိကန်အစိုးရတာဝန်ရှိသူ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.