ရန်ကုန်၊ ဇန်နဝါရီ ၃၁
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးခြင်းကြောင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကို ၆ လသက်တမ်းထပ်တိုးခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)တွင် အဖွဲ့ဝင်အားလုံး၏ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကို ၆ လ သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစည်းအဝေးတွင်တင်ပြခဲ့သည်။” ဟု နစက သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လတိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#စုစု
ဓာတ်ပုံ – MOI
#ယနေ့ခေတ်
တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးခြင်းကြောင့် အရေးပေါ်အခြေအနေကို ၆ လ သက်တမ်းထပ်တိုး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်