ရန်ကုန်၊ ဒီဇင်ဘာ ၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘန်ခဝန်အကျဉ်းထောင်တွင် လိပ်ကျွန်းလူသတ်မှုကြောင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ရခိုင် လူငယ်နှစ်ဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း (ဝင်းနှင့် ဇော်) တို့က ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
“ထိုင်းနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် လုပ်ငန်းစဉ်ကတစ်ဆင့် ၎င်းတို့ရဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်များ လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်ပေးကြဖို့ ရှေ့နေတွေကို မေတ္တာရပ်ခံထားပါတယ်။” ဟု ဝင်းနှင့် ဇော်အရေး လိုက်ပါဆောင်ရွက်နေသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုက်တက်ရေးဖောင်ဒေးရှင်(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
နိုဝင်ဘာ ၂၉ ရက်က ဝင်းနှင့် ဇော်အတွက် လိပ်ကျွန်းလူသတ်မှု စတင်ဖြစ်ပွားခဲ့စဉ်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့သည့် ထိုင်းရှေ့နေများကောင်စီအဖွဲ့မှ ရှေ့နေကြီး Nakhon Chomphuchat နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းနှင့် ဇော်တို့သည် ၎င်းတို့၏ မိဘများ၊ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံခွင့်ရရန်လည်း မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ FED အနေဖြင့် ပြီးခဲ့သည့်နှစ်ပိုင်းကစတင်ပြီး ဝင်းနှင့် ဇော်အတွက် ရခိုင်ပြည်နယ်ရှိ ဒေသခံအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအခြေအနေများကြောင့် ၎င်းတို့၏မိဘများကို ထိုင်းနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်အတွက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံရေးကိစ္စတွေ ဘယ်လိုပင် ရှုပ်ထွေးနေပါစေ၊ ဝင်းနဲ့ ဇော်ရဲ့ မိဘဆွေမျိုးတွေ ထိုင်းနိုင်ငံကိုလာရောက်နိုင်အောင် ဝိုင်းဝန်းကျိုးစားသွားပါမယ်။” ဟု ဦးထူးချစ်က ဆိုသည်။
လက်ရှိမှာ မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့သည် စိတ်ဓာတ်ကြံ့ခိုင်နေကြပြီး ကျန်းမာရေးကောင်းမွန်ကြသည်ဟု ကြားသိရကာ၊ အကျဉ်းထောင်ထဲတွင် ၉ နှစ်ကျော်ကြာ အောင် နေထိုင်ခဲ့ကြပြီးဖြစ်သည့်အတွက် ကျင့်သားရနေကြသည်ဟု သိရသည်။
“ဝင်းနှင့် ဇော်တို့က ထိုင်းစကားကို ကျွမ်းကျင်စွာပြောတတ်နေပြီး ပြဿနာကြီးကြီးမားမား မရှိကြဘူးလို့ သိရပါတယ်။” ဟု ဦးထူးချစ်၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံထားရသည့် “ဝင်းနှင့် ဇော်” တို့ ပြစ်ဒဏ်လျှော့ပေါ့ ပေးရန် တောင်းဆိုထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်