တစ်လလျှင် ၄၂,၀၀၀ ကျပ်နှုန်းဖြင့် မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်း မသန်စွမ်းပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက် ရရှိထားပြီးဖြစ်သည့် ကလေးသူငယ်များကို တစ်ဦးလျှင် တစ်လ ၄၂,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ယူနီဆက်မြန်မာက ထုတ်ပြန်ထားသည်။

အဆိုပါ ထောက်ပံ့ကြေးကို “မသန်စွမ်းကလေးသူငယ်ထောက်ပံ့ကြေး လူမှုကာကွယ်စောင့်ရှောက်မှုအစီအစဉ်” တွင်ပါဝင်ကြောင်း ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားသူများကိုသာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ထောက်ပံ့ကြေးပေးမယ်ဆိုတော့ ဝမ်းသာမိပါတယ်။ ခုခေတ်အခြေအနေမှာ ဒါမျိုးပေးတယ်ဆိုတာ ပိုလိုတောင်ဝမ်းသာပါတယ်။ အရင်ကတော့ ဦးကထီရောင်းပါတယ်။ အခုက မရောင်းရတော့ ကြုံတာလေးတွေလုပ်နေရတယ်။ အောက်ပိုင်းမသန်တော့ ဝှီးချဲလေးနဲ့သွားရတယ်။ ခြေကောင်းလက်ကောင်းတွေတောင် အလုပ်ကအဆင်မပြေတာ။ ကိုယ်တွေဆိုဝေးရောပေါ့။” ဟု မသန်စွမ်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါထောက်ပံ့မှုကို နှစ်လတစ်ကြိမ် Wave Money မှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူထံ တိုက်ရိုက်ပို့ပေးမည်ဖြစ်ပြီး လက်ရှိအတူနေထိုင်သည့် အိမ်ထောင်စုမှ အများဆုံး ၃ ဦးအထိသာ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေကို အဟာရပြည့်ဝမှု၊ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ မသန်စွမ်းအထောက်အကူပြုပစ္စည်း/နည်းပညာ၊ အတားအဆီးများဖယ်ရှားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပညာရေးတို့တွင် အကျိုးရှိအောင်သုံးစွဲရန် တိုက်တွန်းထားသည်။

ထောက်ပံ့ကြေးလျှောက်ထားလိုသူများသည် အရေးပေါ်ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၈၈၀၉၁၉၂၁၁၊ ၀၉-၈၈၀၉၁၉၂၁၂၊ ၀၉-၈၈၀၉၁၉၂၁၃ တို့ကို တနင်္လာမှ သောကြာနေ့အထိ နံနက် ၉ နာရီမှ နေ့ လည် ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – ယူနီဆက်မြန်မာ

#ယနေ့ခေတ်

တစ်လလျှင် ၄၂,၀၀၀ ကျပ်နှုန်းဖြင့် မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.