တစ်လနီးပါး အတက်ဘက်တွင်ရှိနေသည့်ရွှေဈေး တစ်သိန်းဝန်းကျင်ပြန်ကျ

ရန်ကုန်၊ ဩဂုတ် ၂၁

တစ်လနီးပါး နေ့စဉ်နှင့်အမျှ အတက်ဘက်တွင်သာရှိနေသည့် ပြည်တွင်းရွှေစျေးမှာ ယနေ့နေ့လည်တွင် ကျပ်တစ်သိန်းခန့် ပြန်လည်ကျဆင်းလာကြောင်း ရွှေရောင်းဝယ်ရေးလုပ်ကိုင် သူများထံမှ သိရသည်။

ယမန်နေ့ ညနေက အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ကိုးသိန်း ခုနှစ်သောင်းအထိ ရောက်ရှိခဲ့ပြီးနောက် ယနေ့ နေ့လည်တွင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ပြန်လည်ကျဆင်းလာ ကြောင်း ရန်ကုန်မြို့၌ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ ဩဂုတ်လ အစပိုင်းရက်က ၃၅ သိန်းကနေ နေ့တိုင်းကိုစျေးတက်နေတာ။ မနေ့ကဆို ၃၉ သိန်းကျော်၊ သိန်း ၄၀ လောက်အထိရောက်လာပြီး ဒီနေ့လည်တော့ ၃၇ သိန်းကျော် ၃၈ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်နေကြတယ်။ ကျပ်တစ်သိန်းကျော်လောက် စျေးကျတယ်“ ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်များကထက် ယနေ့တွင် မြန်မာကျပ်ငွေတန်ဖိုး ပိုမိုမြင့်တက်လာ၍ ရွှေစျေးကျဆင်းလာခြင်းဟု ရွှေစျေးကွက်အတွင်းပြောဆိုလျက်ရှိကာ လက်ရှိ၌ ပြည်တွင်းရွှေ စျေးမှာ တည်ငြိမ်မှုမရှိသေးပဲ လောလောဆယ်တွင် စျေးနှုန်းအကျဘက်သို့ ဦးတည်လျက်ရှိသည်ဟု ရွှေလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်ပြောကြားသည်။

ယခုနှစ်အတွင်း ပြည်တွင်းရွှေစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ကျော်ဖြင့် စျေးနှုန်းတည်ငြိမ်နေရာမှ ပြီးခဲ့သည့်ဇူလိုင် ၂၃ ရက်က ဗဟိုဘဏ်မှ ကျပ်နှစ် သောင်းတန်ငွေစက္ကူများထုတ်ဝေမည်ဟု ကြေညာပြီးနောက် နေ့စဉ်နှင့်အမျှ တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။

ရွှေစျေးမြင့်တက်လျက်ရှိသောကြောင့် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက စျေးကစားသူများကို အရေးယူမည်ဟု ကြေညာထားသည်။

ကမ္ဘာ့ရွှေစျေးမှာ ယခုရက်ပိုင်းအတွင်း တရိပ်ရိပ်ကျဆင်းလျက်ရှိကာ ယနေ့တွင် ရွှေတစ်အောင်စလျှင် ၁၈၈၇ ဒေါ်လာရှိပြီး တစ်ပတ်အတွင်း ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၄၀ ခန့်ကျ ဆင်းခဲ့ကြောင်း သိရသည်။

မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာသောကြောင့်ဆိုကာ ယနေ့ နေ့လည်တွင် ရွှေစျေးကျဆင်းမှုနှင့်အတူ အမေရိကန်ဒေါ်လာငွေနှင့် ထိုင်းဘတ်ငွေတို့လည်း စျေးပြန်လည် ကျဆင်းလာကြောင်း ငွေလဲလှယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

မောင်ဇော်

#ယနေ့ခေတ်

တစ်လနီးပါး အတက်ဘက်တွင်ရှိနေသည့်ရွှေဈေး တစ်သိန်းဝန်းကျင်ပြန်ကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.