ရန်ကုန်၊ နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံအတွင်းရှိ ဒေသတစ်ချို့တွင် တစ်လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားနေသဖြင့် လူပေါင်းသုံးသိန်းနီးပါးခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအဖွဲ့ UNOCHA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တဖြည်းဖြည်း အရှိန်အဟုန်မြင့်လာပြီးနောက် ပြည်နယ်နှင့် တိုင်း ဒေသကြီးအချို့၌ တိုက်ပွဲများကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေ အိမ်မပြန်ရတာ ငါးလကြာနေပြီ။ အိမ်တွေလည်း မီးထဲပါသွားလို့ စစ်ရှောင်စခန်းမှာပဲ ဆက်နေရတယ်။ ရာသီဥတုအေးလာလို့ အိပ်ယာခင်းနဲ့ စောင်တွေလို တယ်။ စစ်ရှောင်တွေကများတော့ အားလုံးကို မကူညီနိုင်ဘူး။ လူနည်းနည်းအတွက်ပဲ ကူညီနိုင်တယ်။ တတ်နိုင်သလောက်တော့ ကူညီရတာပေါ့။ ပြည်ပကလာလှူတဲ့ အဖွဲ့အစည်း လည်း မရှိဘူး။ ကိုယ့်ဒေသခံအချင်းချင်း လာလှူတာတွေတော့ ရှိတယ်။” ဟု စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ နယ်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ပြင်းထန်သည့် တိုက်ပွဲများကြောင့် လူပေါင်း ၂၈၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရပြီး စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိလာကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာတစ်နိုင်ငံလုံး၌ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်းကျော်ရှိသွားပြီဖြစ်ပြီး ပဋိပက္ခများ ကြောင့် အရေးပါသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆိုးရွားစွာ ပိတ်ဆို့ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
အရပ်သား ရွှေ့ပြောင်းသွားလာမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ပေးအပ်နိုင်ရန် အဟန့်အတားများဖြစ်ပေါ်နေပြီး နေရပ်စွန့်ခွာနေရသူများအတွက် ငွေသား၊ စားနပ်ရိက္ခာ၊ လုံခြုံသည့်မိုးကာနှင့် အခြေခံလူ့အသုံးအဆောင်ပစ္စည်း၊ တကိုယ်ရေသန့်ရှင်းရေးပစ္စည်း၊ အခြေခံကျန်းမာရေး ဝန်ဆောင်မှုနှင့် ကာကွယ်စောင့်ရှောက်မှုများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
တစ်လနီးပါးကြာ တိုက်ပွဲများကြောင့် လူပေါင်းသုံးသိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်