တစ်ရက်လျှင် ယူကရိန်းနိုင်ငံသား မည်မျှသေဆုံးနေသည်ကို အမေရိကန်နိုင်ငံရေးသမားများ ဂရုမစိုက်ကြောင်း ယူကရိန်းသမ္မတ ဆို

ကိဗ်၊ ဧပြီ ၁၇

အမေရိကန်နိုင်ငံရေးသမားများသည် ယူကရိန်းနိုင်ငံကို ဂရုစိုက်ခြင်းမျိုးမရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံရေးသမားများသည် ယူကရိန်းကို အကူညီပေးရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးကစားပွဲကို ကစားနေကြောင်း၊ ယူကရိန်းနိုင်ငံသား ဘယ်နှစ်ဦးအထိ သေဆုံးမည်ဆိုသောအချက်ကို အမေရိကန်နိုင်ငံရေးသမားများ ဂရုမစိုက်ကြောင်း သမ္မတဇီလန်စကီးက ဝေဖန်ပြစ်တင်လိုက်သည်။

ယူကရိန်းကို အကူညီပေးရေးနှင့်ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်အမတ်များကြား လအတန်ကြာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းသမ္မတက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတသည် ယူကရိန်းကို အမေရိကန်ဒေါ်လာဘီလျံ ၆၀ ကျော်ကူညီပံ့ပိုးလိုသော်လည်း အမေရိကန်အောက်လွှတ်တော်အတွင်းတွင် ရီပတ်ဘလီကန်ပါတီအမတ်များနှင့် ဒီမိုကရက်တစ်ပါတီအမတ်များကြား အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။

ယူကရိန်းသမ္မတက “ အမေရိကန်နိုင်ငံရေးသမားတွေဟာ ယူကရိန်းမှာ တစ်နေ့ကို လူဘယ်နှစ်ဦးသေဆုံးနေတာတွေကို ဂရုမစိုက်ဘူး။ သူတို့တွေဟာ ယူကရိန်းကိုကူညီပေးမယ့် ဥပဒေမူကြမ်းကို နိုင်ငံရေးကစားပွဲလိုမျိုး ကစားနေတယ်။” ဟု ပြောသည်။

အောက်လွှတ်တော်ဥက္ကဌသည် ယူကရိန်းကို စစ်ရေးအကူညီပေးရေးနှင့်ပတ်သက်ပြီး လာမည့်ရက်ပိုင်းအတွင်း ဥပဒေမူကြမ်းကို ခွင့်ပြုပေးရန် အမတ်များကိုတောင်းဆိုခဲ့ကြောင်းသိရသည်။

သို့သော်လည်း အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်အများစုက ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ ကျော်ကူညီပေးမည့် အစီအစဉ်ကို ငြင်းဆန်နေကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲက အချိန်နှစ်နှစ်ကျော်နေပြီး အမေရိကန်၏အကူညီများ ထပ်မံမရဘူးဆိုလျှင် စစ်ရှုံးနိုင်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက အစောပိုင်းတည်းက ပြောဆိုထားသည်။

ကောင်းထက်ငွေ

ground.news

တစ်ရက်လျှင် ယူကရိန်းနိုင်ငံသား မည်မျှသေဆုံးနေသည်ကို အမေရိကန်နိုင်ငံရေးသမားများ ဂရုမစိုက်ကြောင်း ယူကရိန်းသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.